မော်တော

June 23, 2020

မောင်တောမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး ထပ်တွေ့

ဇွန် ၂၂ ရက်နေ့အတွက် ဓာတ်ခွဲနမူနာ ၁,၇၈၉ အား နှစ်သုတ်ခွဲစစ်ဆေးချက်အရ  မောင်တောမြို့နေ ဘင်္ဂလားဒေ့ရှ်က ပြန်လာတဲ့ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁ ဦး တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၁,၀၅၈ ခု၊ ဆေးသုတေသနဦးစီးဌာန (DMR) က ဓာတ်ခွဲနမူနာ ၁၉၉ ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) က ဓာတ်ခွဲနမူနာ ၂၈၀ ခုနဲ့ ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး(ကုတင် - ၁၀၀၀)  ဓာတ်ခွဲနမူနာ ၂၅၂ ခု၊ စုစုပေါင်း ဓာတ်ခွဲနမူနာ ၁,၇၈၉ ခုအား စစ်ဆေးပြီးစီးခဲ့တာပါ။ အသက် ၃၀ အရွယ် အမျိုးသမီး လူနာသစ်အမှတ် ၂၉၁ ဟာ ဘင်္ဂလားဒေ့ရှ်က ပြန်လာပြီးနောက် မောင်တောမြို့မှာ အသွားအလာ ကန့်သတ်ထားသူဖြစ်ပြီး မောင်တောပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူစေမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၉၁ ဦး၊ သေဆုံးသူ ၆ ဦး၊ ၂ ကြိမ်ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း အယောက် ၂၀၀ ၊ အဲဒီထဲက ၁၈၆ ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီး သတ်မှတ်နေရာတွေမှာ အသွားအလာဆက်လက်ကန့်သတ် စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးက ထုတ်ပြန်ထားပါတယ်။ ဇွန် ၂၁ ရက် မွန်းတည့် ၁၂ နာရီကနေ ၂၂ ရက် မွန်းတည့် ၁၂ နာရီအထိ  စောင့်ကြည့်လူနာအသစ် ၂၃ ဦး ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာတဝန်းမှာတော့ ဒီနေ့မနက်ပိုင်းအထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉ ဒသမ ၁ သန်းကျော်၊ သေဆုံးသူ ၄ သိန်း ၇ သောင်းကျော်နဲ့ ရောဂါသက်သာပျောက်ကင်းသူ ၄ ဒသမ ၉ သန်းကျော် ရှိတယ်လို့ သိရပါတယ်။
11 months Ago
Up