မော်စကို

October 30, 2022

နိုင်ငံရေးဖိနှိပ်ခံများအတွက် အောက်မွေ့ဖွယ် အခမ်းအနား မော်စကိုတွင် ကျင်းပ

ရုရှားလူမျိုးတွေနဲ့ ရုရှားနိုင်ငံဆိုင်ရာနိုင်ငံခြားသံအမတ်တွေဟာ အောက်တိုဘာ ၂၉ ရက်က မော်စကိုရှိ နိုင်ငံရေး အဖိနှိပ်ခံရပြီး သေဆုံးသွားခဲ့ကြသူတွေရဲ့ အထိမ်းအမှတ်အခမ်းအနားမှာ  ပန်းတွေ အမှတ်တရလာချပေးခဲ့ပါတယ်။ 

မြို့လယ်ခေါင်မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို ဗြိတိန်၊ ပြင်သစ်နဲ့ ပိုလန်နိုင်ငံတို့က သံအမတ်တွေ အပြင် အမေရိကန် သံရုံး တာဝန်ခံတွေလည်း ပါဝင်တက်ရောက်ခဲ့ကြပါတယ်။ 

၁၉၃၇-၃၈ ခုနှစ်အတွင်းက ရုရှားနိုင်ငံရဲ့အမည်ဟောင်း ဆိုဗီယက်ဆိုရှယ်လစ်သမ္မတနိုင်ငံက ကမ္ဘာကျော် Great Terror ဖြစ်ရပ်အတွင်း အာဏာရှင် ဂျိုးဇက်စတာလင်ရဲ့ နိုင်ငံရေး အတိုက်အခံတွေ ပပျောက်ရေး အစီအစဉ်မှာ လူပေါင်း ၇ သိန်းနီးပါး ကွပ်မျက်ခံခဲ့ရကြောင်း ကွန်ဆာဗေးတစ် အရာရှိရဲ့ ခန့်မှန်းပြောပြချက်အရ သိရပါတယ်။

စတာလင် သေဆုံးပြီးနောက်မှာ သူ့ကို ဆိုဗီယက်ယူနီယံက ငြင်းပယ်ခဲ့ပြီး သန်းနဲ့ချီတဲ့ ဆိုဗီယက် ပြည်သူတွေရဲ့ သေဆုံးမှုအတွက် သူ့မှာ တာဝန်ရှိကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။ 

နိုဘယ်ငြိမ်းချမ်းရေးဆုရ Memorial လူ့အခွင့်အရေးအဖွဲ့ရဲ့ ဘုတ်အဖွဲ့ဝင် Oleg Orlov က ရုရှားဟာ အနာဂတ်ဆိုတာ ရှိဖို့ အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေကို အမှတ်ရနေရမယ်လို့ ပြောကြားခဲ့ပါတယ်။ 

“ရုရှားမှာ ဆိုဗီယက်ခေတ်က ကျူးလွန်ခဲ့တဲ့ ကြောက်စရာကောင်းတဲ့ ရာဇ၀တ်မှုတွေက ရုရှားနိုင်ငံရဲ့ အနာဂတ်အတွက် မေ့ထားလို့ မရဘူး” လို့ ပြောသွားတာပါ။ 

ရုရှားနိုင်ငံရဲ့ လူသိများထင်ရှားတဲ့ လူ့အခွင့်အရေးအဖွဲ့ဖြစ်တဲ့ Memorial အဖွဲ့ကို  အရပ်ဘက်အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံခြားအေးဂျင့်အဖြစ် မှတ်ပုံတင်ရမယ့်ဥပဒေကို ချိုးဖောက်ခြင်းအတွက် အဖွဲ့ကိုဖျက်သိမ်းဖို့ မနှစ်က ဒီဇင်ဘာလမှာ အမိန့်ထုတ်ခဲ့ပါတယ်။

ဆိုဗီယက်ခေတ်ကတည်းက မတွေ့ဖူးသေးတဲ့ နှိပ်ကွပ်မှုမျိုးအဖြစ် ကရင်မလင်ဝေဖန်ရေးသမား တွေကို ဖြိုခွင်းခဲ့တာ အချိန် ၁ နှစ်ကျော် ရှိသွားပြီဖြစ်ပါတယ်။ 

1 month Ago

September 11, 2022

မော်စကို တည်ထောင်ခြင်း ၈၇၅ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား သမ္မတပူတင် တက်ရောက်

ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကို တည်ထောင်ခြင်း ၈၇၅ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်  ပျော်ပွဲရွှင်ပွဲနဲ့ တေးဂီတဖျော်ဖြေပွဲကို စက်တင်ဘာ ၁၀ ရက်က မော်စကိုမြို့တော်ရဲ့ ကျော်ကြားတဲ့ ရင်ပြင်နီမှာ ပြုလုပ်ခဲ့ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင် တက်ရောက်ကာ မီးရှူးမီးပန်းတွေ ထွန်းညှိခဲ့ပါတယ်။ 

မော်စကိုဟာ "ကမ္ဘာပေါ်မှာ အလှဆုံးနဲ့ သက်တောင့် သက်သာရှိဆုံး မြို့ကြီးတွေထဲကတခု" လို့ ပူတင်က ပြောခဲ့ပါတယ်။

ရုရှားအပါအဝင် နိုင်ငံနည်းနည်းကသာ လွတ်လပ်တဲ့နိုင်ငံအဖြစ် အသိအမှတ်ပြုထားတဲ့ ယူကရိန်း အရှေ့ပိုင်းက ခွဲထွက်ကိုယ်ပိုင်ကြွေးကြော်ထားတဲ့ ဒန်ညက်စ်နဲ့ လူဟန့်စ် ပြည်သူ့သမ္မတနိုင်ငံတွေရဲ့ မြို့တော်တွေကို ပြန်အသက်သွင်းဖို့ “ကြီးကျယ်တဲ့အလုပ်” ကို လုပ်နေတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

ပျက်စီးသွားတဲ့ လူနေအဆောက်အအုံတွေ၊ လမ်းတွေ၊ ကျောင်းတွေကို ပြုပြင်နေပြီး ဆောင်းရာသီအတွက် ဒန်ညက်စ်နဲ့ လူဟန့်ကို ပြင်ဆင်သွားမယ်လို့ ပူတင်က ပြောပါတယ်။

ပွဲတော်ရဲ့ တစိတ်တပိုင်းအနေနဲ့ ပူတင်ဟာ International Sambo စင်တာအသစ် ဆီကိုလည်း သွားရောက်လည်ပတ်ခဲ့ပြီး ဥရောပရဲ့ အကြီးဆုံး Ferris wheel ကို ဖွင့်လှစ်ခဲ့ပါတယ်။

ဒွန်ဘတ်စ်ဒေသက ထောက်ပံ့ရေး လမ်းကြောင်းတွေပေါ်မှာရှိတဲ့ ယူကရိန်း အရှေ့ပိုင်းမြို့တွေ ဖြစ်တဲ့ ဘာလက်လီယာနဲ့ အစ်ဇိယံမြို့တွေကနေ ရုရှားတပ်တွေ ဆုတ်ခွာနေရချိန်မှာ ပူတင်က အခမ်းအနားတွေ တက်နေတာပါ။

ယူကရိန်းအရှေ့ပိုင်းက ဒွန်ဘတ်စ်ဒေသလွတ်မြောက်ရေး အထူးစစ်ဆင်ရေးရဲ့ ဖော်ပြထားတဲ့ ရည်မှန်းချက်တွေ အောင်မြင်စေဖို့ ရုရှားတပ်ဖွဲ့တွေကို ပြန်စုဖွဲ့ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၀ ရက်မှာ ပြောထားပါတယ်။

3 months Ago
More News
Up