အမေရိကန်နိုင်ငံ မင်နီဆိုးတားပြည်နယ် မီနီယာပိုလစ်မြို့မှာ ဆန္ဒပြလူအုပ်ထဲကို လောင်စာ ဆီတင် ကုန်ကားတစီး မေလ ၃၁ ရက်က မောင်းဝင်သွားခဲ့လို့ ယာဉ်မောင်းကို ကားပေါ်က ဆွဲချ ရိုက်နှက်ခဲ့ကြတယ်လို့ သိရပါတယ်။
အမေရိကန်ရဲ့ အဓိကမြို့ကြီးတွေမှာ ညမထွက်ရ ကာဖျူးအမိန့် ထုတ်ထားရပါတယ်။
ယာဉ်မောင်းရဲ့ အင်မတန် စိတ်အနှောင့်အယှက်ဖြစ်စရာ လုပ်ရပ်ဟာ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြသူတွေကို သွေးထိုးပေးသလို ဖြစ်ခဲ့တယ်လို့ မီနီယာ ပိုလစ်မြို့ ပြည်သူ့ဘေးကင်းရေးဌာနက တွစ်တာလူမှုကွန်ရက်ပေါ်မှာ ရေးပါတယ်။
“ကုန်ကားမောင်းသူဟာ အသက်ဘေး မစိုးရိမ်ရတဲ့ ဒဏ်ရာတွေရခဲ့လို့ ဆေးရုံကို ခေါ်သွား ပြီးပြီ၊ သူ့ကို ဖမ်းထားတယ်၊ ဆန္ဒပြသူတွေကို ကားတိုက်မိပုံတော့ မရဘူး” လို့ ရေးပါတယ်။
လူမည်း အမျိုးသား ဂျော့ချ် ဖလွိုက်ဒ် ရဲ့ လည်ပင်းပေါ် လူဖြူ ရဲအရာရှိ တယောက်က ဒူးနဲ့ ထောက်ခဲ့အပြီး လူမည်း သေဆုံးခဲ့လို့ အဲဒီရဲကို ဖမ်းဆီးအရေးယူထားပြီးပေမယ့် အမေရိကန် နိုင်ငံတလွှား မြို့အတော်များများမှာ ရဲဆန့်ကျင်ရေး အကြမ်းဖက်ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့တာပါ။
9 months Ago