မောင်မိုးသူ

September 2, 2021

သံမဏိနိုင်ငံ​ရေးသမား ဘ​ကြီးမိုး

ကျနော်တို့ လေးစားရတဲ့၊ အားကိုးရတဲ့ နိုင်ငံရေးသမားကြီး ဘကြီးမိုး (ခေါ်) စာရေးဆရာ၊ ဇာတ်ညွှန်းရေးဆရာ၊ ရုပ်ရှင်ဒါရိုက်တာ၊ ပန်းချီဆရာ  မောင်မိုးသူ (၈၄) နှစ်ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁ ရက် ည ၇ နာရီက ကွယ်လွန်သွားခဲ့ပါပြီ။ အစားထိုးမရတဲ့ ဆုံးရှုံးမှုကြီးပါ။ သူဟာ စာပေ ရုပ်ရှင် ပန်းချီအနုပညာ နယ်ပယ်စုံမှာ စွယ်စုံတော်ခဲ့ပါတယ်။ ထင်ရှားခဲ့ပါတယ်။ အဖိနှိပ်ခံ မြန်မာ့နိုင်ငံရေး  လှုပ်ရှားမှုမှာလဲသူဟာ သံမဏိနိုင်ငံရေးသမားကြီးတယောက်ပါ။ ဒါကြောင့် သူ့ကို သံမဏိနိုင်ငံရေးသမားကြီး ဘကြီးမိုးရယ်လို့ တင်စားလိုက်ပါတယ်။

မောင်မိုးသူ

မြန်မာနိုင်ငံသား စာရေးဆရာ၊ အယ်ဒီတာတစ်ဦး ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာ တစ်ဦး ဖြစ်တဲ့အပြင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာ ဗဟိုကော်မတီဝင်တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ မောင်မိုးသူ၊ ဦးမိုးသူ၊ ဘကြီးမိုး အစရှိသဖြင့် လူသိများသူ ဖြစ်တယ်။     

ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်သူ   

ဘကြီးမိုးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) မှာ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီး ဒီမိုကရေစီ တိုက်ပွဲဝင်ခဲ့တယ်။ ဒါကြောင့် ထောင်ကျခဲ့ရတယ်။ စစ်ထောက်လှမ်းရေးက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို ဆရာတင်တာလဲလို့ မေးလာတဲ့အခါ သူကအခုလို ဖြေခဲ့ပါတယ်။ 

“ကျုပ်တို့ သုံးယောက် (ဦးဝင်းတင်၊ မောင်သော်က၊ မောင်မိုးသူ) ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲခဲ့ကြတယ်။ ကျနော်တို့က ဒေါ်စုကို ဘာလို့ဆရာတင်သလဲဆိုတော့ တခြားဘယ်သူ့ကိုမှ ကျနော်တို့ ဆရာမတင်ဘူးဘူး။ ကျနော်တို့ သုံးယောက် (ဦးဝင်းတင်၊ မောင်သော်က၊ ကျနော်မောင်မိုးသူ) တို့လည်း တယောက်ကို တယောက် ဆရာမတင်ကြဘူး။ ကိုယ်ရေးတဲ့ ကိုယ့်စာမှကိုယ်ကောင်းတယ်ထင်ကြတာ။ ဘယ်သူ့မှ အထင်မကြီးဘူး။ ဒါပေမဲ့ နိုင်ငံရေးမှာကျတော့ ဒီမိန်းမ (ဒေါ်စု) သည် အင်မတန်ထူးခြားပါတယ်။ အင်မတန်တော်ပါတယ်။ ဒါကြောင့်ကျနော်တို့ ၃ ယောက်လုံးက ဆရာတင်လိုက်ကြတယ်။ ကျနော်တို့တောင် ဆရာတင်မှတော့ အင်မတန် တော်လို့ပေါ့ဗျာ” လို့ ကျနော်ပြောခဲ့ပါတယ်။ (မောင်မိုးသူ RFA အင်တာဗျူး ၂၀၀၄ )                                

ဘကြီးမိုးငယ်ဘဝ

အမည်ရင်း မောင်စိန်မြင့်၊ မန္တလေးမြို့ဇာတိ အဖ သခင်ဗတုတ်၊ အမိ ဒေါ်မြမေတို့က ၁၉၃၇၊ မေလ ၁၇ ရက်နေ့၊ တနင်္လာနေ့မှာ ဖွားမြင်ပါတယ်။ မွေးချင်း နှစ်ယောက်ရှိပြီး ငယ်စဉ်က မန္တလေးမြို့၊ စိန်တောင် မြန်မာဘုန်းတော်ကြီး ကျောင်းနဲ့ စိန့်ပီတာကျောင်း၊( ယခု အ.ထ.က (၉ ) တို့မှာပညာသင်ကြားခဲ့ပါတယ်။

၁၉၅၆ ခုနှစ်မှာ တက္ကသိုလ် ဝင်တန်းအောင်ပြီး မန္တလေး တက္ကသိုလ်မှာ ၁၉၅၆ မှ ၁၉၅၈ ခုနှစ်ထိ ပညာသင်ကြားခဲ့ပါတယ်။ မည်သည့်ဘွဲ့မှ မရရှိခဲ့ပါ။       

မောင်မိုးသူစာပေဘဝ

၁၉၅၃ ခုနှစ်မှ စ၍ ကဗျာများ ရေးခဲ့ပြီး ၁၉၅၆ ခုနှစ်၊ တက္ကသိုလ် ရောက်ရှိချိန်မှာတော့  ဆောင်းပါး ဝတ္ထုတွေရေးသွားခဲ့အပါတယ်။ ည (၁၉၆၁)၊ မေမေကြည် (၁၉၆၂)၊ ရန်ကုန်သားနှင့် မန္တလေးသူ (၁၉၆၆)၊ မိုးပိတောက်တို့ ပန်တော်အမီ (၁၉၆၇) စတဲ့ မြန်မာ ဝတ္ထုတွေ ရေးခဲ့သို ဝတ္ထု၏ သဘောနှင့် ရည်ရွယ်ချက် စာတမ်းနှင့် မိုးဦးပန်း အစမ်းစာများ ရေးသားခဲ့ပါတယ်။

မိုးဦးပန်း စာပေတိုက်ကို တည်ထောင်ကာ ဆရာကြီး ရွှေဥဒေါင်း၊ ဆရာ ဇေယျ၊ ဆရာဇော်ဂျီ၊ ဆရာ မင်းသုဝဏ်၊ ဆရာတက်တိုး၊ ဒဂုန်တာရာ၊ တက္ကသိုလ် ဘုန်းနိုင်၊ သိန်းသန်းထွန်း၊ ထွန်းထွန်း (ဆေးသိပ္ပံ) တို့ရဲ့ ဝတ္ထုများ၊ ကဗျာ စာအုပ်များ၊ ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့ပါတယ်။

ဘာသာပြန် ဝတ္ထုတွေအဖြစ် စိတ္တဇ (၁၉၆၅)၊ အိပ်မက်ကုန်သည် (၁၉၇၆)၊ သေနေ့ (၁၉၇၇)၊ ကြေးစား (၁၉၈၁)၊ အိပ်ဇိုးဒပ် (နိုင်ငံတခု မွေးဖွားခြင်း)၊ ကျားကုတ်ကျားခဲ (၁၉၈၃)၊ သဲကြီးမဲကြီး (၁၉၈၂)၊ သူနိုင်ကိုယ်နိုင် (၁၉၈၂)၊ အချစ်ပုံပြင် (၁၉၈၂)၊ သက်စွန့်ဆံဖျား (၁၉၈၃)၊ စိန်ပီတာဘက်မှလူ (၁၉၈၃)၊ မာဖီးယားနှင့် ပေါ်ပီပန်း (၁၉၈၃)၊ ဂျိန်းစဘွန်း၏ အထူးတာဝန် (၁၉၈၃)၊ အိပ်ဇိုးဆေး (၁၉၈၄)၊ အတိတ်တစ္ဆေ (၁၉၈၄)၊ လင်းယုန်တို့ အောင်ပွဲ (၁၉၈၄)၊ ရိုလာကိုစတာ ခုမကြည့်နဲ့ဦး (၁၉၈၅)၊ ငြိုးသူ့ရန်ဘက် (၁၉၈၅)၊ ပစ်မသွားနဲ့ အချစ်ရယ် (၁၉၈၆)၊ အထွတ်အထိပ် (၁၉၈၇) စသည့် ဘာသာပြန် စာအုပ်များ ထုတ်ဝေခဲ့ပါတယ်။

လွယ်အိတ် တစ်လုံးနှင့် ရွာစဉ်လည် (မိုးဝေနှင့် အခြား မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာ မဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ ရေးသားပြီး လုံးချင်း ထုတ်ဝေခဲ့သလို မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်းခေတ် သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓန မဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်း တို့မှာ အယ်ဒီတာ အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

မန်းတက္ကသိုလ် ကလောင်ရှင်အသင်းအမှုဆောင်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ မန္တလေးအသင်းအမှုဆောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ဗဟိုအမှုဆောင် အဖြစ် တာဝန်ယူခဲ့ပါတယ်။

ဒါရိုက်တာမောင်မိုးသူဘဝ

ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ အချစ်ဆုံးမုန်းသူ (ဝတ္ထု၊ မောင်သိန်းဆိုင်)၊ မုန်းရစ်လေဦး (ဝတ္ထု၊ တက္ကသိုလ်ဘုန်းနိုင်)၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းများစွာ ရေးသားခဲ့ပါတယ်။

ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက်ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ စံရွှေမြင့် လေးခင်ခင် (ထွန်းထွန်းဝင်း၊ နွဲ့နွဲ့မူ)၊ တယ်တညင် (ကောလိပ်ဂျင်နေဝင်း၊ တင်တင်နွဲ့)၊ မမလေး ပန်စရာ (ကောလိပ်ဂျင် နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ ချစ်လှိုင်းဂယက် (ညွန့်ဝင်း၊ နွဲ့နွဲ့မူ)၊ တကယ် ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)၊ လွတ်လပ်မှ အမျှဝေပါ (ကျော်ဟိန်း၊လင်းထင်၊ဆွေဇင်ထိုက်)၊ အပါအဝင် ရုပ်ရှင် ကားများစွာကို ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့ပါတယ်။

ဗီဒီယို ခေတ်ဦးကာလမှ  ရှက်လည်း ရှက်တယ်၊ ချစ်လည်း ချစ်တယ် (ဇော်ဝမ်း၊ သုမောင်) ၊ ချစ်မိခဲ့ပြီ (နေအောင်၊ ဆွေဇင်ထိုက်) ဗီဒီယိုကားတွေကို ဒါရိုက်တာ အဖြစ် ရိုက်ကူးခဲ့ပါတယ်။ 

ပန်းချီမောင်မိုးသူဘဝ

၂ဝဝ၅၊ ဒီဇင်ဘာ - ရန်ကုန်မြို့ AZADA ပြခန်းမှာ Emotion တကိုယ်တော် ပန်းချီပြပွဲ။ ၂ဝဝ၆၊ ဒီဇင်ဘာ - မန္တလေးမြို့၊ ပံသုစန္ဒာ ပန်းချီ ပြခန်းမှာ  Emotion တကိုယ်တော် ပန်းချီပြပွဲ ခင်းကျင်း ပြသခဲ့ပါတယ်။

ဘကြီးမိုးနိုင်ငံရေးဘဝ

၁၉၅၈-၅၉ ခုနှစ် မန္တလေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှာ အမှုဆောင်အဖြစ်တာဝန်ယူခဲ့ပါတယ်။ ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ (ဗိုလ်နေဝင်း) တက်လာသည့်အချိန်မှာ ထိမ်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် မြန်မာ့ပြည်သူတရပ်လုံးပါဝင်သော လူထုအုံကြွမူကြီး (၈၈၈၈) မှာ စာရေးဆရာများသမဂ္ဂများအဖွဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။ ဦးဝင်းတင် ဥက္ကဋ္ဌ ၊ ဦးသော်က (ဒုဥက္ကဋ္ဌ)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  အစုအဖွဲ့ဝင်အဖြစ်ပါဝင်ပြီး၊ ဗဟိုကော်မတီဝင်အဖြစ်တာဝန်နဲ့ ပြန်ကြားရေးတာဝန်ယူခဲ့ပါတယ်။

၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ခံနေရစဉ် ဦးမိုးသူလည်း အဖမ်းခံခဲ့ရပြီး ထောင် ၃ နှစ်ကျခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

၁၉၉၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်တွေ့ဆုံကာ နိုင်ငံရေးတာဝန်ပြန်လည်ထမ်းဆောင်ခဲ့ကာ ၁၉၉၆ ခုနှစ်မှာ နောက်တချိန်ပြန်လည်ဖမ်းခံခဲ့ရပါတယ်။

သူ့ရဲ့ အသက် (၇ဝ) ပြည့် မွေးနေ့ပွဲကို ၂ဝဝ၇ ခု၊ မေလ ၁၇ ရက်က ရန်ကုန် ရွှေကျင်တိုက်ကြီး ကျောင်းတိုက်မှာ ကျင်းပခဲ့ရာမှတော့ ဘကြီးမိုး ခေါ် ဆရာ မောင်မိုးသူက "ကျနော် အသက် ၇ဝ ပြည့်တဲ့ အတောအတွင်းမှာ ကျောင်းသား လှုပ်ရှားမှုများမှာ ပါခဲ့ပါတယ်။ ကျောင်းသား သမဂ္ဂ တာဝန်တွေကို ထမ်းခဲ့ပါတယ်။ နောက် စာပေ အနုပညာ တာဝန်ကို ထမ်းခဲ့ ပါတယ်။ ရုပ်ရှင်မှာလည်း ရုပ်ရှင်ရိုက်တဲ့ အတွက် ရုပ်ရှင် တာဝန်ထမ်းခဲ့ပါတယ်။ နောက်ပြီးတော့ ကျနော် NLD မှာ စတင် တည်ထောင်ကတည်းက စပြီးတော့ ကျနော် ပါဝင်ခဲ့ပါတယ်။ ကျနော် တိုင်းပြည်ရဲ့ တာဝန်၊ လူမျိုးရဲ့ တာဝန်ကို တတ်နိုင် သလောက် ကြိုးစားပြီးတော့ ဆောင်ရွက် ခဲ့ပါတယ်။ နောက် စာတွေလဲ တတ်နိုင်သလောက် ကြိုးစား ပြီးတော့ ရေးပါတယ်။ လူငယ်တွေ ကျနော်တို့ အသက် ၇ဝ ရှိလာ ပါပြီ။ နောက် လူငယ်တွေက တိုင်းပြည် အကျိုး၊ လူမျိုး အကျိုးကို ထမ်းရွက် နိုင်ကြ ပါစေလို့ ဆုတောင်း ပါတယ်။"လို့ နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် ထူထောင် ကတည်းက တတ်သိ ပညာရှင် တဦး အဖြစ် ရပ်တည် ဆောင်ရွက်ခဲ့တာကြောင့်  မောင်မိုးသူကို  စစ်အစိုးရက ၁၉၉၆ မှာ ဖမ်းဆီး ထောင်ချခဲ့ပြီး ၂ဝဝဝ ဇန်နဝါရီလမှာ ပြန်လွှတ် ပေးခဲ့ပါတယ်။ ထောင်မှ မလွတ်ပေးမီ ၁၉၉၉ ဒီဇင်ဘာလမှာ  မောင်မိုးသူရဲ့ ဇနီး ကွယ်လွန်သွားခဲ့လို့ အသုဘ အခမ်းအနားကို ထောင်တွင်းမှ ခေတ္တလာရောက် အသုဘရှုခွင့် ရခဲ့သည်။ နိုင်ငံရေးကို အနစ်နာခံ လုပ်ခဲ့သူ ဦးမိုးသူကို စစ်အစိုးရက အကျဉ်းချ ထိန်းသိမ်းခဲ့တဲ့ အကြောင်းကို ကွယ်လွန်သူ  စာရေး ဆရာမောင်ဝံသက အခုလို ပြောပြခဲ့ဖူးပါတယ်။

"ကျနော်တို့ ပထမ တကြိမ်တုန်းက ၃  နှစ် ပေါ့ဗျာ။ နောက်ကျတော့ ပုဒ်မ ၁၀ (က) နဲ့ ကျနော်တို့ အားလုံးပေါင်း ၅  နှစ်ပေါ့။ ကျနော်တို့ အထိန်းသိမ်း ခံရတာပေါ့။ ကျနော်တို့ အတူတူ ပါပဲ။ သူကတော့ ၂ဝဝဝ နှစ်ဆန်းမှာ ပြန်လွတ်တယ်။ ကျနော်က ၂ဝဝ၁ အလယ် လောက်မှာ ပြန်လွတ်တယ်။"

နယ်ပယ်စုံက လူတွေက ဘကြီးမိုးကို  လေးစားကြသလိုပဲ ရုပ်ရှင်နယ်ပယ်မှာလည်း  သူ့ကို လေးစား ကြတာပါ။ 

ဟာသ သရုပ်ဆောင် ကိုဇာဂနာ "ဘကြီးမိုး ကိုယ်က  နိုင်ငံရေးနယ်ပယ်ထဲမှာပဲ ပြောပြော၊ စာပေ နယ်ထဲမှာပဲ ပြောပြော၊ ရုပ်ရှင်နယ်ထဲမှာပဲ ပြောပြော သူက လူချစ်လူခင် တော်တော်ပေါတဲ့ ပုဂ္ဂိုလ် တယောက် ဖြစ်တယ်လေ။ ဘာထူးခြားလဲလို့ ဆိုတော့ အဲဒီ ထောင်ဝန်ထမ်းတွေ လာတယ်။ အင်းစိန် ထောင်ထဲက ဝန်ထမ်းတွေ လာတယ်။ အရင်တုန်းက သူ့ကို တိုက်ထဲမှာ တုန်းက စောင့်ရှောက် ခဲ့တဲ့ ထောင်ဝန်ထမ်းတွေ လာတယ်။ အဲသလို ထောင်ထဲက ဝန်ထမ်းကိုတောင် စည်းရုံး နိုင်တယ်။ အဲဒါတောင် လာတယ်။ စဉ်းစားသာ ကြည့်ပေတော့။"လို့ ပြောခဲ့ဖူးပါတယ်။

ဘကြီးမိုးဟာ မကွယ်လွန်ခင်အချိန်အထိ  မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေမှာ ပင်တိုင်နဲ့ တခြား ဆောင်းပါးတွေ ရေးသား၊ ဘာသာပြန် ဝတ္ထုတွေ လက်စသတ် နေတာ၊ အယ်ဒီတာ အဖြစ် တာဝန် ထမ်းဆောင်တာနဲ့ ပန်းချီ ရေးဆွဲတာတွေ  ပြုလုပ်နေခဲ့တာပါ။

ဘကြီးမိုးမိသားစု

၁၉၆၀ ပြည့်နှစ်မှာ ဒေါ်အမာကြည်(မအမာ) နဲ့ အိမ်ထောင်ကျခဲ့ပြီး သားကြီး မောင်ထွန်းမြတ်ဦး၊ သမီးမအေးသီတာနဲ့ သားငယ်မောင်ညီညီမိုးသူတို့ ၃ ဦးမွေးဖွားခဲ့ပါတယ်။

သံမဏိနိုင်ငံရေးသမားကြီး

”ငါတို့ဟာ ပြင်းထန်တဲ့ နိုင်ငံရေးသမားတွေလို့ ပြောကြတယ်ပေါ့။ ပြင်းထန်တယ်ဆိုတာထက် ခိုင်မာတယ်ဆိုတဲ့ စကားလုံး သုံးချင်ပါတယ်။ ငါတို့ဟာ မတူညီတဲ့သူတွေနဲ့တောင် ဆွေးနွေးလို့ရပါတယ်။ ဥပမာ စစ်တပ်ပေါ့။ ငါတို့က စစ်တပ်နဲ့ပတ်သက်လို့ သဘောထား အလွန် တင်းမာပါတယ်။ ဒါပေမဲ့ တိုင်းပြည်ကောင်းရာကောင်းကြိုးအတွက် လုပ်ရင် အတူလက်တွဲ လုပ်ရမယ် ဆိုတဲ့ အဆင့်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ အန်အယ်လ်ဒီက ဆုံးဖြတ်ရင် ငါတို့ လိုက်နာဘို့ အဆင်သင့်ပါ။”  (မောင်မိုးသူ) 2004 RFA အင်တာဗျူး                    

ဘကြီးမိုးသို့အလေးပြုခြင်း

၂၀၂၁ ခုနှစ်ဟာ နိုင်ငံရေးသမားတွေကို မှတ်ကျောက်ပြုရတဲ့နှစ်ပါ။ နှစ်ပေါင်းများစွာ တိုက်ပွဲဝင်လာကြတဲ့ နိုင်ငံရေးသမားတွေ တချို့ရန်သူ စစ်တပ်နဲ့ ပေါင်းစားသွားတာတွေ ရှိလာခဲ့ပါတယ်။ လူမသေခင်နာမည် သေကုန်ကြပါတယ်။ ဘကြီးမိုးကတော့ သံမဏိနိုင်ငံရေးသမားကြီးတွေ ဖြစ်ကြတဲ့ စာရေးဆရာမောင်သော်ကတို့လို ဟံသာဝတီ ဦးဝင်းတင်တို့လို တဘဝလုံး အလံမလှဲ ကျားရဲလို ကြံ့ကြံခံ တိုက်ပွဲဝင်ခဲ့တဲ့ သံမဏိ ကျောက်တိုင် နိုင်ငံရေးသမားကြီးပါ။ လှေခွက်ချည်းကျန် အလံမလှဲသူပါ။ ဘကြီးမိုးကို အလေးပြုလိုက်ပါတယ်။ ။

သိန်းနုစိုး

ကိုးကား-

-ဒါရိုက်တာ၊ စာရေးဆရာ မောင်မိုးသူ အသက် ၇၀ ပြည့်မွေးနေ့ပွဲ ကျင်းပသည့်သတင်း။ 

(၁၇ - မေ - ၂ဝဝ၇၊ ဒီဗွီဘီ အသံလွှင်သတင်း။

-မိုးမခ၊ မောင်မိုးသူ (၁၉၃၇ - ) အတ္ထုပ္ပတ္တိအကျဉ်း။

-RFA အင်တာဗျူး ၂၀၁၄

Photo- Credit

2 months Ago

ထင်ရှားသည့် စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူ ကွယ်လွန်

ထင်ရှားတဲ့ စွယ်စုံရ စာရေးဆရာ၊ သတင်းစာဆရာ၊ ဒါရိုက်တာ မောင်မိုးသူဟာ စက်တင်ဘာ ၁ ရက်ညပိုင်းက ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

မောင်မိုးသူကို မန္တလေးမြို့မှာ ၁၉၃၇ ခုနှစ်မှာ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာတော့ အသက် ၈၄ နှစ်အရွယ် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

ဒါရိုက်တာ မောင်မိုးသူဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာ ဗဟိုကော်မတီဝင်တ ယောက်အနေနဲ့ ပါဝင်ခဲ့ပြီး အနုပညာလောကသားတွေက မောင်မိုးသူ၊ ဦးမိုးသူ၊ ဘကြီးမိုး စတဲ့ နာမည်တွေနဲ့ လူချစ်လူခင်များသူ ဖြစ်ပါတယ်။

မောင်မိုးသူဟာ ကဗျာ၊ ဆောင်းပါး၊ ပင်ကိုယ်ရေးဝတ္ထုတွေအပြင် ဘာသာပြန်ဝတ္ထု တွေနဲ့လည်း ထင်ရှားပြီး အိပ်မက်ကုန်သည်၊ အိပ်ဇိုးဒပ်၊ ကျားကုတ်ကျားခဲ၊ မာဖီးယားနှင့် ပေါ်ပီပန်း၊ အိပ်ဇိုးဆေး၊ ငြိုးသူ့ရန်ဘက်စတဲ့  စာအုပ်တွေကတော့ ပရိသတ်တွေကြား နာ မည်ကြီးတဲ့ စာအုပ်တွေ ဖြစ်ခဲ့ပါတယ်။

ဒါ့အပြင် သုတရသဆောင်းပါးတွေဖြစ်တဲ့ လွယ်အိတ်တစ်လုံးနှင့် ရွာစဉ်လည် (မိုး ဝေနှင့် အခြားမဂ္ဂဇင်းများ) ပင်တိုင် ဆောင်းပါးများ၊ ခေတ်မီမီ ကမ္ဘာကြည့် ကြည့်မြင် (ကလျာမဂ္ဂဇင်းများ)စတဲ့ စာအုပ်တွေကိုလည်း ထုတ်ဝေခဲ့ပါသေးတယ်။

မောင်မိုးသူဟာ မန္တလေး တက္ကသိုလ် နှစ်ပတ်လည် မဂ္ဂဇင်း (မြန်မာစာတည်း)၊ မန်း ခေတ်သတင်းစာ၊ ခေတ်ဂျာနယ်၊ ဓနမဂ္ဂဇင်း၊ ကုမုဒြာ ဂျာနယ်၊ Perfect မဂ္ဂဇင်းတွေမှာ အယ်ဒီတာအဖြစ် ဆောင်ရွက်ခဲ့သလို မန်းတက္ကသိုလ် ကလောင်ရှင်အသင်း အမှုဆောင်၊ အထက်မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်၊ မန္တလေးအသင်း အမှုဆောင်၊ မြန်မာနိုင်ငံ ရုပ်ရှင်ကောင်စီ ဗဟို အမှုဆောင်အဖြစ်လည်း တာဝန်ယူခဲ့သူ ဖြစ်ပါတယ်။

ရုပ်ရှင်ဘက်မှာတော့ မောင်မိုးသူဟာ ရေပွက်ပမာ၊ ရန်ကုန်သားနှင့် မန္တလေးသူ၊ မုန်းရစ်လေဦး၊ ချစ်လိုက်တာ မသည်းအူရယ် အပါအဝင် ဇာတ်ညွှန်းပါင်းများစွာ ရေးသားခဲ့ပြီး ဒါရိုက်တာအနေနဲ့လည်း ရုပ်ရှင်ကားပေါင်းများစွာ ရိုက်ကူးခဲ့သူ ဖြစ်ပါတယ်။

သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေထဲမှာတော့ ကျနော့်နာမည် ကျော်ကျော် (ကျော်ဟိန်း၊ တင်တင်ညို)၊ မှုန်နံ့သာ ခြယ်ကာသပါလို့ (တွံတေးသိန်းတန်၊ တင်တင်ညို)၊ သက်ထားဆိုသော မိန်းမချော (ထွန်းဝေ၊မြတ်မွန်)၊ ဆောင်းမှာတွေ့သော မိန်းကလေး (ညွန့်ဝင်း၊ တင်တင်ညို)၊ မမလေး ပန်စရာ (ကောလိပ်ဂျင်နေဝင်း၊ ချိုပြုံး၊ မြင့်မြင့်ခိုင်)၊ တကယ် ချစ်ရဲ့လား (ဇော်လင်း၊ စန္ဒာ)၊ ကျမမှာ ချစ်သူရှိတယ် (ကောလိပ်ဂျင်နေဝင်း၊ ကျော်စွာဝင်း၊ ချော)စတဲ့ ရုပ်ရှင်တွေကတော့ ထင်ရှားပါတယ်။

ဒါ့အပြင် မောင်မိုးသူဟာ နိုင်ငံရေးဘက်မှာလည်း ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၁၉၅၈-၅၉ ခုနှစ် မန္တလေးတက္ကသိုလ် ကျောင်းသားသမဂ္ဂ အမှုဆောင်အဖြစ်တာဝန်ယူခဲ့ပြီး ၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ တက်လာချိန်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မြန်မာပြည်သူတရပ်လုံးပါဝင်တဲ့ ရှစ်လေးလုံးလူထုအုံကြွမှုကြီးမှာတော့ မောင်မိုးသူဟာ သတင်းစာဆရာကြီး ဦးဝင်းတင်၊ စာရေးဆရာ မောင်သောကတို့ ဦးဆောင်တဲ့ စာရေးဆရာများသမဂ္ဂများအဖွဲ့ အတွင်းရေးမှူးအဖြစ်တာဝန်ယူခဲ့ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်ဖွဲ့စည်းချိန်မှာတော့ ဗဟိုကော်မတီဝင်အဖြစ် တာဝန်ထမ်းဆောင်ပြီး ပြန်ကြားရေးတာဝန်ယူခဲ့ကာ ၁၉၈၉ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖမ်းဆီးချိန်မှာ မောင်မိုးသူလည်း ဖမ်းခံခဲ့ရပြီး ထောင် ၃ နှစ် ကျခဲ့ပါတယ်။

မောင်မိုးသူဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့တာတွေကြောင့် ခေတ်အဆက်ဆက် ထောင်ဒဏ်ချမှတ်ခံခဲ့ရတဲ့ နိုင်ငံရေးသမားတယောက်လည်း ဖြစ်ပါတယ်။

2 months Ago
Up