မောင်တော-ကြိမ်ချောင်း

December 13, 2020

မောင်တော-ကြိမ်ချောင်းလမ်းရှိ တံတားကြီး၊ ငယ် ၆၇ စင်း JICA ချေးငွေဖြင့် ပြုပြင်မည်

ရခိုင်ပြည်နယ်၊ မောင်တောကနေ ကြိမ်ချောင်းသွားလမ်းရှိ တံတားကြီး၊ တံတားငယ် ၆၇ စင်းကို ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ချေးငွေနဲ့ ပြုပြင်သွားမယ်လို့ သိရပါတယ်။ လမ်းတံတားအထူးအဖွဲ့ ၄ ရဲ့ အင်ဂျင်နီယာဦးမောင်ဝင်းက “ဟုတ်ပါတယ်။ JICA ချေးငွေနဲ မောင်တော၊ ကြိမ်ချောင်းလမ်းမှာရှိ တံတားကြီးငယ်အားလုံး ၆၇ စင်းကို ပြုပြင်သွားဖို့ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်းရှိ ကျေးရွာအုပ်စု ၇၀ ကျော်ကို အဓိက ဆက်သွယ်ထားတဲ့ တံတားတစ်စင်းဖြစ်တဲ့ မောင်တောမြို့ ၃ မိုင်တံတားမှာ ပျက်စီးနေတာကြောင့် ခရီးသွားပြည်သူတွေ အခက်အခဲကြုံနေကြပါတယ်။ အဲဒီ ပျက်စီးနေတဲ့ တံတားအား ဒီဇင်ဘာ ၁၃ ရက်နေ့ စတင်ပြုပြင်ဖို့ ပြင်ဆင်နေကြောင်း အင်ဂျင်နီယာဦးမောင်ဝင်းက ပြောဆိုပါတယ်။  “ကျနော်တို့ တံတားကိုပြုပြင်တာ ၃ ခါရှိပြီ။ အချို့က တံတားက သစ်တွေခွာပြီး တောထင်းဆိုက်ကြတွေ ရှိတယ်။ ဟိုတစ်နေ့က တံတားအောက်မှာ အမျိုးသမီးတစ်ဦး ပုဆိန်တွေနဲ့ ပေါက်နေတာ တွေ့တယ်ဗျ။ ဟိုနေ့က ဘုန်းကြီကားတစ်စီး ကျွံနေတယ်ဆိုလို့ သွားကြည့်ပြီး တံတားကို ပိတ်ခဲ့တယ်။ တံတားမှာခင်းဖို့ သံပြားတွေက ဘူးသီးတောင်မှာ ဆေးသုတ်နေတယ်။ မနက်ဖြန်ကစပြီး ပြုပြင်သွားမှာပါ” လို့ ​ပြောဆိုပါတယ်။ မောင်တောမြို့နယ်မြောက်ပိုင်းရှိ လမ်း၂ ခုဖြစ်တဲ့ မောင်တော-ကျီးကန်းပြင်-ကြိမ်ချောင်း- အောင်သပြေ-ဗန္ဓုလ ၄၄ မိုင် ၇ ဖာလုံမှာ တံတားကြီးငယ်ပေါင်း ၂၁၃ စင်း ရှိပြီး မောင်တော-ကျီးကန်းပြင်-ကြိမ်ချောင်း-တောင်ပြို ၁၅ မိုင် ၃ ဖာလုံလမ်းမှာ တံတားကြီးငယ် ၁၃၁ စင်းရှိကာ မောင်တောမြို့နယ်မြောက်ပိုင်း၌ ဘောက်ကာပါ အပါအဝင် တံတားကြီးငယ် စုစုပေါင်း ၃၄၄ စင်းရှိတယ်လို့ မောင်တောခရိုင် ဆောက်လုပ်ရေးအင်ဂျင်နီယာရုံးက သိရပါတယ်။ လင်းလက်
4 months Ago
Up