မောင်တောမြို့နယ်

July 26, 2020

မောင်တောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မြှင့်

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအား အရှိန်အဟုန်မြှင့်လုပ်ဆောင်နေပြီး Mask မတပ်တဲ့သူတွေကို မြို့တွင်း ပေးမဝင်တော့ဘူးလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ မောင်တောမြို့မှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် မောင်တောမြို့တွင်းဝင်လာတဲ့ နေရာ ၃ ခုကနေ ဝင်လာသူတွေကို ဇူလိုင် ၂၁ ရက်ကနေ ဇူလိုင် ၂၃ ရက်နေအထိ Mask တွေ အခမဲ့ဖြန့်ဝေပေးခဲ့ပြီးနောက် ဇူလိုင် ၂၄ ရက်နေ့ကစတင်ပြီး Mask မတတ်တဲ့သူတွေ မြို့တွင်းဝင်ခွင့်မပြုတော့ဘူးလို့ မောင်တောမြို့ကို အသစ်တာဝန်ကျလာတဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ရဲက DVB ကို ပြောပါတယ်။ မြို့ဝင်ပေါက်တွေဖြစ်တဲ့ ရွှေးစားဝင်ပေါက်၊ မြို့ဝင်ပေါက်၊ ပန်းတောပြင်ဝင်ပေါက်တွေမှာ Mask မတပ် မဝင်ရ အမိန့်ထုတ်ပြန်ထားသလို မြို့ပေါ်စျေးနဲ့ လူစည်ကားတဲ့ နယ်စျေးတွေမှာလည်း Mask မတပ်ဘဲ မဝင်ရ အမိန့်ထုတ်ပြန်ထားတယ်လို့ ဆိုပါတယ်။ မောင်တောခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းချက်တွေကို ပြည်သူတွေ လိုက်နာမှုအားနည်းနေတာကြောင့် အခုလို စည်းကမ်းသတ်မှတ်ပြီး ရောဂါကြိုတင်ကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတာလို့ ကိုဗစ်ရောဂါ ကာကြိုတင်ကာကွယ်ထိန်းချုပ်ရေး ကော်မတီက ပြောပါတယ်။ မောင်တောခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနုကေသီစံက “ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းစဉ်ထဲမှာ အဓိကကတော့ ပြည်သူပါ၊ ပြည်သူ ပူးပေါင်းပါဝင်ဖို့ အဓိကကျပါတယ်။ ပြည်သူတွေက ဒီလူက ဘင်္ဂလားက ဘယ်နေ့ကပြန်လာတယ်။ ဘယ်မှာနေတယ်ဆိုတာကို သတင်းပေးနိုင်မှ ကျမတို့ သိရှိမှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုဗစ်ကို ကောင်းကောင်းထိန်းချုပ်နိုင်မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။ မောင်တောခရိုင်အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင်ပြန်လည် ဝင်ရောက်လာသူတွေထဲက ကိုဗစ်-၁၉ ရောဂါတွေ့ရှိသူ ဘူးသီးတောင်မြို့က ၄ ဦး၊ မောင်တောမြို့က ၈ ဦး၊ စုစုပေါင်း ၁၂ ဦးအထိရှိနေပြီး တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကုန်ပို့ပြန်လာတဲ့ စက်လှေသမား သမား ၃ ဦးလည်း ရောဂါပိုးတွေ့ရှိထားပါတယ်။ လက်ရှိ မောင်တောမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် တဖက်နိုင်ငံမှ တရားမဝင်ပြန်လာသူတွေကို အရေးယူပေးဖို့ လ.ဝ.က ကို ညွှန်ကြားထားတာတွေရှိသလို လက်ခံတဲ့ မိသားစုဝင်တွေကိုပါ အရေးယူပေးဖို့ ​​ဆောင်ရွက်ထားတာတွေ ရှိပါတယ်။ တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ တရားမဝင်ပြန်လာသူတွေနဲ့ အားပေးကူညီသူ စုစုပေါင်း ၇၈ ဦးကိုလည်း မြန်မာနိုင်ငံ လူဝင်မှု ကြီးကြပ်ရေးဥပဒေအရ အရေးယူဆောင်ရွက်နေတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ ကုန်သွယ်မှုပြုနေတဲ့ မောင်တောမြို့ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းတွေကိုလည်း ပြီးခဲ့တဲ့ ဇူလိုင် လ ၃ ရက်နေ့ကစပြီး ပြည်နယ် အစိုးရအဖွဲ့ရဲ့အမိန့်နဲ့ အကန့်သတ်မရှိ ယာယီရပ်နားထားပါတယ်။
1 year Ago

June 30, 2020

မောင်တောမြို့နယ်၌ လူ ၃ ဦးကို စိတ်ကြွမူးယစ်ဆေးပြား ၅ သိန်းကျော်နှင့်အတူ ဖမ်းမိ

ရခိုင်ပြည်နယ်၊ မောင်တောမြို့ သီဟိုဠ်ခြံရဲကင်းစခန်းမှ တာဝန်ရှိသူတွေက ဇွန်လ ၃၀ ရက် ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က အငူမော်မှ ငါးခူရကျေးရွာသို့ သွားမယ့်မော်တော်ကားကို  သတင်းအရ တားဆီးရှာဖွေစဉ် စိတ်ကြွဆေးပြား ၅၇၉၅၀၀ ပြားနဲ့အတူ ပစ္စည်းသယ်ဆောင်လာသူ ၃ ဦးကိုပါ ဖမ်းဆီးရမိခဲ့ပါတယ်။ မူးယစ်ဆေးဝါနဲ့အတူ ဖမ်းဆီးရမိသူ ကားဒရိုင်ဘာ ကိုမောင်ခင် (၂၈ နှစ်)၊  ကားပေါ်လိုက်ပါလာသူ ဦးဟန်သိန်း (၃၂ နှစ်) နဲ့ အောင်စိုးမင်း (၃၀ နှစ်) တို့ ဖြစ်ပါတယ်။ သူတို့ ၃ ဦးကို မောင်တောမြို့ပြင်ဖြူ နယ်မြေစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဥပဒေနဲ့ အရေးယူ အမှုဖွင့်လှစ်ထားပြီး ကွင်းဆက်တရားခံတွေကို ဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့   သီဟိုဠ်ခြံ ရဲကင်းစခန်း တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ "မူးယစ်ဆေးတွေကို ကားရဲ့ကြမ်းခင်းအောက်မှာ အံဝှက်လုပ်ပြီး သယ်လာကြတာ။ အငူမော်ကနေ ငါးခူရ ကို တိုက်ရိုက်သွားမယ့် ကားပေါ့ဗျာ။ ပြင်ဖြူစခန်းမှာ အမှုဖွင့်လိုက်ပါပြီ" မေလ ၃၀ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်)ကျေးရွာမှာ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံကျော်တန်ဖိုးရှိ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၇၀၉၀၇၀၀ ပြား သိမ်းဆည်းရမိခဲ့ပါတယ်။ မေလ ၃၁ ရက်ကလည်း မောင်တောမြို့နယ်၊ ကံသာယာကျေးရွာမှာ စိတ်ကြွဆေးပြား ၂၄၃၇၅၀၀ ပြား၊ ကာလတန်ဖိုးငွေကျပ်သိန်း ၄၈၇၅၀ နဲ့ ပစ္စတိုသေနတ်တစ်လက်ပါ ဖမ်းမိခဲ့သလို ဇွန်လ ၁၁ ရက်မှာတော့  မြန်မာဘက်ခြမ်းမှ နယ်စပ်ခြံစည်းရိုး ကျော်တက်နေသူ မသင်္ကာဖွယ်ရာ လူနှစ်ဦးကို တွေ့ရှိတဲ့အတွက် ဖမ်းဆီးစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၁၂၅ဝ ပြားကို သိမ်းဆည်းရမိခဲ့ပါတယ်။ သတင်း - လင်းလက်
1 year Ago
More News
Up