မောင်တောခရိုင်လျှပ်စစ်မီးပြတ်တောက်မှု

October 22, 2020

မောင်တောခရိုင်လျှပ်စစ်မီးပြတ်တောက်မှု ၅ ရက်ကြာရှိလာ၊ လုံခြုံရေးအရ သွားပြင်ခွင့်မရသေး

ရခိုင်ပြည်နယ်၊ မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့တွေမှာ လျှပ်စစ်မီးပြတ်တောက်နေတာ ၅ ရက် ကြာရှိနေပြီဖြစ်ပြီး မီးပြန်လာအောင်  ပြင်ဆင်တပ်ဆင်ဖို့  လုံခြုံရေးအခြေအနေအရ သွားရောက်ခွင့်  မရသေးဘူးလို့ မောင်တောခရိုင်လျှပ်စစ်အင်ဂျင်နီယာ ဦးဟိန်းမိုးထက်က  ပြောပါတယ်။ "ကျနော်တို့ဘက်ကတော့ ပြည်နယ်လျှပ်စစ်နဲ့ ချိတ်ဆက်ပြီး အခုပြတ်တောက်နေတဲ့နေရာကို သွားခွင့်ရဖို့ တာဝန်ရှိသူတွေကို တင်ပြထားတယ်။ ဒီနေ့အထိ သွားခွင့်မပြုသေးဘူး။ အချိန်တော့နည်းနည်းကြာနိုင်မယ်ထင်တယ်။ ဘာကြောင့် သွားခွင့်မပြုတာလဲဆိုတော့ အဲ့ဒီနေရာတဝိုက်မှာ တိုက်ပွဲတွေဖြစ်နေသေးတာကြောင့် လုံခြုံရေးစိတ်မချရလို့ ပြောတယ်။" မောင်တောခရိုင်ဖြစ်တဲ့ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေမှာ အောက်တိုဘာ ၁၈ ရက် မွန်းလွဲ ၁၂ နာရီကျော်လောက်ကစပြီး  လျှပ်စစ်မီးပြတ်တောက်နေရာမှာ  အောက်တိုဘာ ၂၂ ရက်အထိ ပြန်လည်ရရှိခြင်းမရှိသေးတာပါ။ အခု လျှပ်စစ်ဓာတ်အားလိုင်း ပြတ်တောက်တဲ့နေရာဟာ  ရသေ့တောင်မြို့နယ်၊ ထီးစွဲကျေးရွာနဲ့ သောင်းဒရင်းကျေးရွာအကြား ဖြစ်နိုင်တယ်လို့ လျှပ်စစ် အင်ဂျင်နီယာက ပြောပါတယ်။ အဆိုပါနေရာဒေသတစ်ဝိုက်မှာ အခုရက်ပိုင်းအတွင်း တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေပြီး တစ်ဖက်နဲ့ တစ်ဖက်  လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရာကနေ လက်နက်ကြီးကျည်စထိမှန်ကာ  ဓာတ်အားလိုင်းကြိုး  ပြတ်တောက်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။ မောင်တောမြို့နဲ့ ဘူးသီးတောင်မြို့တွေမှာ ပြီးခဲတဲ့ သြဂုတ် ၂၄ ရက်ကလည်း  လက်နက်ကြီးကျည်ထိမှန်သွားပြီး လျှပ်စစ်ကြိုးပြတ်တောက်သွားလို့  ရက် ၁၀ ကျော်ကြာ လျှပ်စစ်မီးပြတ်သွားခဲ့ဖူးပါတယ်။  သတင်း - လင်းလက်၊ ဓာတ်ပုံ - MOEE
2 years Ago
Up