မောင်တောခရိုင်

A d v e r t i s e m e n t With Us

September 13, 2020

မောင်တောခရိုင် လူနာသစ် ၆ ဦးတွင် နယ်စည်းမထားဆရာဝန်များအဖွဲ့က ဝန်ထမ်း ၃ ဦးပါဝင်

ရခိုင်ပြည်နယ်​ မောင်တောခရိုင်က ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၆ ဦးထဲမှာ နယ်စည်းမထား ဆရာဝန်များအဖွဲ့က ဝန်ထမ်း ၃ ဦး ပါဝင်တယ်လို့ ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ပြောပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက်နဲ့ မနေ့ည ထုတ်ပြန်တဲ့ လူနာသစ် ၃၅၁ ဦး စာရင်းထဲမှာ မောင်တောမြို့က  ၁ ဦးနဲ့ ဘူးသီးတောင်မြို့က ၅ ဦး ပါဝင်တာပါ။ ဦးရွှေလှအောင်က “မနေ့ကတွေ့တဲ့ ၅ ဦးထဲမှာ နယ်စည်းမထား ဆရာဝန်အဖွဲ့က ဝန်ထမ်း ၃ ဦး ပါတယ်။ တဦးက စပီးဘုတ်မောင်းတဲ့သူ၊ နောက် ၂ ဦးက ရုံးဝန်ထမ်းတွေ ဖြစ်တယ်။ အခု သူတို့ရုံးတွေ Lock down ချထားတယ်။” ဘူသီးတောင်မှာ တွေ့တဲ့ နောက် ၂ ဦးကတော့ အရပ်သားတွေဖြစ်ပြီး သူတို့နေအိမ်တွေကို Lock down ချထားတယ်လို့  ဦးရွှေလှအောင်က ဆိုပါတယ်။ နယ်စည်းမထား ဆရာဝန်များအဖွဲ့က လူ ၁၀ ဦးရဲ့ နှာခေါင်းနဲ့အာခေါင်တို့ဖတ်တွေကို စစ်ဆေးရာ မှာ  ၃ ဦး ရောဂါပိုးတွေ့ရှိခဲ့တာလို့ သိရပြီး ဘူးသီးတောင်ပြည်သူ့ဆေးရုံမှာ ကိုဗစ် Positive လူနာ ၇ ယောက် ဆေးကုသမှုခံနေပါတယ်။ မောင်တောမြို့က ကိုဗစ်-၁၉ လူနာသစ်ဟာ အရင်က ရောဂါပိုးတွေ့ပြီး ဆေးရုံတက်ခဲ့တဲ့ မိသားစုထဲက ကျန်ခဲ့သူ ၁ ဦးဖြစ်ကာ အသွားအလာကန့်သတ်ထားပြီး စက်တင်ဘာ ၁၃ ရက် ည ၈ နာရီ သတင်းထုတ်ပြန်ချက်မှာ ပါဝင်လာတာ ဖြစ်ပါတယ်။ လက်ရှိ မောင်တောပြည်သူ့ဆေးရုံမှာ ကိုဗစ်-၁၉ Positive လူနာ ၅ ဦး ဆေးကုသမှု ခံယူနေ​ပါတယ်။ လင်းလက်
6 months Ago

August 30, 2020

ကိုဗစ်-၁၉ ပိုးတွေ့သူများလာ၍ မောင်တောခရိုင် စျေးဆိုင်အားလုံး နေ့ဝက်သာ ဖွင့်ခွင့်ပြု

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ လူနာ ၂၅ ဦးအထိ ရှိလာတာကြောင့် ရခိုင်ပြည်နယ် မောင်တောခရိုင်ရှိ ဘူးသီးတောင်မြို့နဲ့ မောင်တောမြို့တွေက စျေးတွေနဲ့ စျေးဆိုင်တွေအားလုံးအား သြဂုတ် ၂၈ ရက်နေ့မှစပြီး နေ့တဝက်သာ ဖွင့်လှစ်ဖို့ အကန့်အသတ်မရှိ အမိန့်ထုတ်ပြန်ထားတယ်လို့ သိရှိရပါတယ်။ မောင်တောမြို့နယ် စည်ပင်သာယာရေး အလုပ်အမှုဆောင်အရာရှိ ဦးအေးသိန်းက “ကိုရိုနာဗိုင်းရပ်စ်အမျိုးသားဗဟိုကော်မတီနဲ့ ပြည်နယ်အစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ စည်းကမ်းသတ်မှတ် အမိန့်ထုတ်ပြန်တာ ဖြစ်တယ်။ မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီအထိသာ ဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်။ အချိန်ကာလက ဘယ်လောက်ထိကြာမလဲဆိုတာကတော့ မပြောတတ်ဘူး။ အခု ကူးစက်မြန် ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်နေတဲ့ကာလဆိုတော့ ကြာမြင့်နိုင်ပါတယ်။ ရခိုင်တပြည်နယ်လုံး Home Stay နေထိုင်ကြဖို့ပါ သတ်မှတ်ထားတဲ့ကာလလည်း ဖြစ်နေတယ်။ စည်းကမ်းချက်ကို လိုက်နာမှုမရှိရင်တော့ ကူးစက်ရောဂါ ကာကွယ်ရေးဥပဒေအရ အရေးယူသွားဖို့ စီစဉ်ထားတယ်”လို့ ပြောပါတယ်။ မနက် ၆ နာရီကနေ နေ့လယ် ၁ နာရီအထိသာ စျေးရောင်းချခွင့်အမိန့်ကို မောင်တောမြို့မှာ စည်းကမ်းလိုက်နာပြီး စျေးတွေအပါအဝင် စျေးဆိုင်တွေအားလုံး ပိတ်ထားကြပေမဲ့ ဘူးသီးတောင်မြို့က စျေးဆိုင်တချို့ကတော့ တနေကုန် ဖွင့်လှစ်ရောင်းချနေတာ တွေ့နေရပါတယ်။ ဘူးသီးတောင်မြို့က စျေးသည် ကိုအေးထွန်းက “ဘူးတောင်မှာကတော့ စားသောက်ဆိုင်တို့၊ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်တွေက နေ့တဝက်ပဲ ရောင်းချကြတယ်။ နောက် ပါဆယ်စနစ်နဲ့ပေါ့။ ဆေးဆိုင်နဲ့ တခြားကုန်ပစ္စည်း လက်လီဆိုင်တွေကျတော့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ခွင့်ပြုမိန့်နဲ့ရောင်းချကြရပါတယ်” လို့ ပြောပါတယ်။ မောင်တောခရိုင်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ လက်ရှိ ၂၅ ဦးအထိ ရှိနေပြီး ဘူးသီးတောင်မြို့မှာ ၆ ဦး၊ မောင်တောမြို့မှာ ၁၉ ဦးတို့ကို သက်ဆိုင်ရာပြည်သူဆေးရုံတွေမှာ အထူးကြပ်မတ် ဆေးကုသပေးနေပါတယ်။ လင်းလက်
6 months Ago
More News
Up