မောင်တူး

December 29, 2020

ထို့ကြောင့် ကြည်အေးသည် ကဗျာဆရာမ

“ကြည်အေး ၄ နှစ်ပြည့်” “မေတ္တာမီးအိမ်”၊ “နွမ်းလျအိမ်ပြန်” “မှန်၏မောင်ရိပ်”၊ “တောတောင်ရေမြေ” “မောင်ကိုကို နှင့် မြနန္ဒာ” စာအုပ်တွေရေး၊ ကဗျာရေးသူ ကြည်အေး တဲ့ကျော်၊ စာဆိုတော်ကား နှုတ်ဆက်သွားတာ၊ လေးနှစ်ကြာပြီ။ ။ “ကြည်အေး” ဆိုတာ ကဗျာဆရာမပါလို့ ကဗျာဆရာကြီး ဒဂုန်တာရာက “ကြည်အေး ၏ ကဗျာများ” စာအုပ်မှာ ရေးခဲ့တယ်။ ကဗျာဆရာမကြီး၊ စာရေးဆရာမကြီး ကြည်အေး အမည်ရင်း ဒေါ်ကြည်ကြည် (ခ) ဒေါ်သောင်းကြည် (၈၇ နှစ်) ဟာ ၂၀၁၆ ခု ဒီဇင်ဘာ ၂၈ ရက်က အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ  ကွယ်လွန်သွားခဲ့တာပါ။ သူရေးခဲ့တဲ့ “နွမ်းလျအိမ်ပြန်”၊  “မီ”၊ “တမ်းတတတ်သည်”၊ “ကျွန်မပညာသည်”၊ “အပြင်ကလူ”၊ “ဖုန်းသက်တိုင်”၊ “မေတ္တာမီးအိမ်”၊ “မောင်ကိုကိုနှင့် မြနန္ဒာ”၊ “ကြည်အေး၏ ကဗျာများ” စတဲ့ စာအုပ်တွေဟာ လူကြိုက်များ ထင်ရှားပါတယ်။ အခု ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်မှာ ဆရာမကြီး ကြည်အေး ကွယ်လွန်ခဲ့တာ ၄ နှစ် ပြည့်ပါပြီ။ ကျွန်တော် ကြည်အေးကို သိတာတခုပဲရှိသည်။  သူမသည် ကဗျာဆရာမ၊ သူမ၏ ခံစားမှု (ဝါ) ရင်ခုန်သံကို ဖွဲ့နွဲ့သူဖြစ်သည်။ ထို့ကြောင့် ကြည်အေးသည် ကဗျာဆရာမ၊  ခံစားမှုကို လိမ်၍မရ၊ အတုလုပ်၍မရ။   (ဒဂုန်တာရာ)  ကြည်အေး၏ကဗျာများစာအုပ်အမှာ “ကြည်အေးရဲ့ ဘဝအကြောင်း” ကြည်အေး (၁၃ ဒီဇင်ဘာ ၁၉၂၉–၂၈ ဒီဇင်ဘာ ၂၀၁၆) ဟာ အမျိုးသမီး စာရေးဆရာ၊ ဆရာဝန်တစ်ဦးပေါ့။ ၁၉၂၉ ဒီဇင်ဘာ ၁၃ ရက် ရန်ကုန်မြို့ လှည်းတန်းမှာ မွေးတယ်။ မိဘနှစ်ပါးက ဦးဟန်၊ ဒေါ်ငွေယုန်တို့ဖြစ်တယ်။  ကြည်အေးရဲ့ နာမည်ရင်းက ကြည်ကြည်တင်မြင့် (ခေါ်) ဒေါ်သောင်းကြည်။ တတိယတန်း ပညာသင်ဆဲမှာ  ဒုတိယကမ္ဘာစစ် ဖြစ်လို့ စစ်ဘေးကင်းလွတ်တဲ့ တောရွာ၊ တောမြို့တွေမှာ အချိန်ကုန်ခဲ့တယ်။ စစ်ပြီးစ အင်္ဂလိပ်သဒ္ဒါဆရာ မစ္စတာ မေတျာဆီမှာ ၆ လ အင်္ဂလိပ်စာ လေ့လာခဲ့တယ်။ ကွမ်းခြံကုန်းမြို့မှာ စစ်ပြေးချိန်ကတည်းက စာပေဗိမာန်ဆရာတွေက သင်တန်းတခု ပေးခဲ့တာမှာ  ဦးဝန်(မင်းသုဝဏ်) ရဲ့ မြန်မာစာ၊ ဆရာတက်တိုးရဲ့ အင်္ဂလိပ်စာနဲ့ သတင်းစာလုပ်ငန်း၊ ဒေါ်ခခွေးရဲ့ Psychology၊ ဒေါ်မမကြီးရဲ့ ကမ္ဘာ့သမိုင်း သင် တန်းတွေကို တက်ရောက်ခဲ့ပြီး ဖြစ်တယ်။ ဒါကြောင့် စစ်ပြီးတဲ့အခါ ကျောင်းနှစ်နှစ်လောက် ပြန်တက်ပြီး ဆယ်တန်းစာမေးပွဲ အောင်တယ်။ ၁၉၄၈ ခု ရန်ကုန်တက္ကသိုလ် ရောက်သည်။ ဆေးပညာ တတိယနှစ်မှာ ကျောင်းထွက်ခဲ့ရတယ်။ အဲ့သည်နောက် ဝိဇ္ဇာစာမေးပွဲ ကို အောင်မြင်တယ်။  သူ့ရဲ့ ပထမဆုံးဝတ္ထု “ထိုည” ဝတ္ထုတိုကို တာရာမဂ္ဂဇင်း (အတွဲ-၁၊ အမှတ်-၄)မှာ ဖော်ပြခံရ တယ်။ ကြည်အေး ကလောင်အမည် ယူခဲ့တာကတော့ ဂျပန်တော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ အစ်ကိုရဲ့ သူငယ်ချင်း ကိုဗကြည် ရဲ့ ပုံနှိပ်မခံရတဲ့ ကလောင်နာမည်ကို ယူခဲ့တာ။ ကြည်အေးဟာ ငယ်ကတည်းက ကဗျာကို စပ်ဆိုနိုင်ခဲ့တယ်လို့ ဆိုကြတယ်။ ပိုက်ဆံ- ပိုက်ဆံ အမှန်တကယ်ပျောက် ဘယ်သူ ပျောက်ပျောက် ဘယ်သူ ကောက်ကောက် အမအိတ်ထဲရောက် - ဂျောက် (ကြည်အေး) ၇ နှစ် အရွယ် ပထမဆုံးစပ်ခဲ့တဲ့ကဗျာ၊ ကြည်အေး၏ကဗျာများစာအုပ်မှ သူငယ်စဉ်က ရေးခဲ့တဲ့ ကဗျာတွေနဲ့ ပတ်သက်ပြီး ဆရာမကြည်အေးက  “ကဗျာစာဆိုတဦး ကဗျာတွေကို  ငယ်ရာကစ ဘယ်လို ရေးခဲ့သလဲ ဆိုတာ  Study လုပ်ချင်ရင်တော့  ကျွန်မရဲ့ ငယ်စဉ် ကဗျာလေးတွေက လိုအပ်မှာပါ။”   လို့ ကြည်အေး၏ ကဗျာများ စာအုပ် အမှာစာမှာ ရေးထားခဲ့ပါတယ်။ ကြည်အေးရဲ့ ငယ်ဘဝ ဒုတိယမြောက်ကဗျာကိုလဲ ဖတ်ကြည့်ကြပါဦး။ ဒုတိယကမ္ဘာစစ်အတွင်း စစ်ပြေးရင်း ကွမ်းခြံကုန်းက ဆရာကြီးမင်းသုဝဏ်ရဲ့ သင်တန်းမှာ ကျောင်းသား တဉီးကို တပုဒ်စီ ရေးခိုင်းလို့ ရေးခဲ့တဲ့ကဗျာပေါ့။ ကြည်အေး စတုတ္တ္ထတန်းလောက်က ရေးခဲ့တဲ့ ကဗျာပါ။ ထန်းပင်အို ငုတ်တုတ်နဲ့ တဲ့ပုတ်ကဲ့ပျက်ပြို မိုးတွေကယို။  အိမ်ရှေ့ကမီးဖို၊ လေချိုကြောင့်ပြာတွေဖွေး။ တကြော်ကြော်အော်ကာရောင်းတယ် မုန့်ပေါင်းတဲ့လေး။ ။ (ကြည်အေး)  ၈ နှစ် ၉ နှစ်အရွယ်က စပ်ခဲ့သောကဗျာ၊ ကြည်အေး၏ကဗျာများစာအုပ်မှ ဆရာမ ကြည်အေးဟာ ၁၉၄၇ ခုနှစ်က မက်ထရစ်စာမေးပွဲကို မြန်မာပြည်တစ်ပြည်လုံး အတော်ဆုံး ၁၀ ဦးထဲပါပြီး  အောင်ခဲ့တယ်။ ၁၉၄၈ - ရန်ကုန်တက္ကသိုလ်တက်ပြီး ဆေးပညာ တတိယနှစ်က ကျောင်းထွက်လိုက်တယ်။ ဒါပေမဲ့ ဝိဇ္ဇာ စာမေးပွဲဖြေဆို အောင်မြင်ခဲ့ပြန်တယ်။ ရှေးသိပ်ကျတဲ့ မိဘတွေက သမီးမိန်းကလေး ပညာသင်တာကို လက်မခံ၊ အားမပေး တာမို့ ပညာရေးပျက်ပြား ဆေးတက္ကသိုလ်က ကျောင်းထွက်ခဲ့ရတာပါ။  စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်တို့ ကျေးဇူးကြောင့် ဘီအေတန်းဖြေခွင့်ရ အောင်မြင်ခဲ့ရတာပါ။ ပြီးတော့ ရန်ကုန်တက္ကသိုလ် နည်းပြဆရာမလုပ်ပြီး နောက်ပိုင်းမှာ ဆေးပညာကို ပြန်သင်ယူတဲ့အတွက် ဆရာဝန်ဖြစ်တယ်။ ၁၉၅၃ မှာ ဘဏ်မန်နေဂျာ ဦးတင်မြင့်နဲ့ အိမ်ထောင်ကျပြီး သားသမီး ၆ ယောက် ထွန်း ကားတယ်။ သူမဟာ ၁၉၇၂ ခုနှစ် ဒီဇင်ဘာလ အမေရိကန်ကို ထွက်ခွာသွားခဲ့တယ်။ လွတ်လပ်ခွင့်ကို အလွန်အမင်း  ခုံမင်နှစ်သက်သောကြည်အေးသည်  ၁၉၆၂ ခု၊ အာဏာသိမ်း စစ်အစိုးရလက်အောက်  မြန်မာပြည်တွင် ဆက်နေရန်မဖြစ်နိုင်၊  နိုင်ငံခြားသွားရောက် နေထိုင်နိုင်ရန်  အင်္ဂလိပ်စာတော်ရုံလောက်နှင့် မလုံလောက်။  ထို့ ကြောင့် 3rd MB နှင့် ထွက်ခဲ့ရသော ဆေးသိပ္ပံတွင်ပြန်တက်၏။ ၁၉၇ဝ ခုတွင် MBBS ဘွဲ့ရ၊ ဆရာဝန်ဖြစ်ကာ ဆေးရုံကြီး၌လုပ်ခဲ့ စသဖြင့် စနစ်တကျ ပြင်ဆင်ခဲ့၏။ (မောင်အောင်မွန်)  ကြည်အေးကွယ်လွန်ပြီးစ ရေးသော မောင်အောင်မွန်၏ မိုးမခ အွန်လိုင်းဆောင်းပါးမှ . . .  “မိုးနှင့်မြေ” ပြုံးစရာလျှင် မာနလည်းကြွယ်၊ အလှမယ်က ထည်ဝါခါးထောက်၊ မာမောက်မောက်နှင့် စိတ်မြောက်စကားဆိုသတည်း။  “မောင့်လိုလူကို  ကြည်ဖြူလက်ကမ်း၊ ချစ်ဖို့လမ်းကား ကွာလှမ်းပလေ၊ မိုးနှင့်မြေ” တဲ့ အခြေတင်းပါလှသတည်း။ ပခုံးတွန့်၍ မြေပြန့်မိုးခြေ၊ ကြည့်မျှော်လေသော် မြေလည်းအပြာ၊ မိုးလည်းပြာ၍ အပြာချင်းယှက်၊ မိုးကုပ်စက်ဝယ် စပ်ဆက်မိုးမြေ၊ ထိတွေ့နေသည် မြေသည်မိုးနှင့်နီးသည်တကား။ ။  (ကြည်အေး) ပဒေသာမဂ္ဂဇင်း၊ ၁၉၄၅၊ မေ “အင်္ဂလန်ရောက် ဆရာဝန် ကဗျာဆရာမ ကြည်အေး” ကြည်အေးဟာ ၁၉၆၁ - ဘီဘီစီ လန်ဒန်မှာ တစ်နှစ်လောက် လုပ်ခဲ့တယ်။ ၁၉၇၁ - ၇၃ ခုနှစ်တွေမှာ ကြည်အေးဟာ အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ  အလုပ်သင် ဆရာဝန်ဖြစ်လာခဲ့တယ်။ ၁၉၇၃ - ၇၆ - နယူးယောက်မြို့မှာ စိတ်ပညာ Residency နဲ့ အမေရိက အရှေ့မြောက်မြို့တွေမှာ ကထိက အထူးကု ဆရာဝန် ဖြစ်လာတယ်။ ၁၉၈၆ - ၈၈ - စင်စင်နက်တီ တက္ကသိုလ် စိတ်ရောဂါကုမှုပညာရပ်အဖွဲ့ဝင် (ဆယ် ကျော်သက်နဲ့ မိသားစုစိတ်ရောဂါကုမှုပညာရပ်)။ ၁၉၈၈ - ၂၀၀၁ - အင်္ဂလန်ကို ပြောင်းရွှေ့ပြီး အစိုးရဆေးရုံနဲ့ ပုဂ္ဂလိကဆေးရုံတွေမှာ အတိုင်ပင်ခံ သမားတော် လုပ်တယ်။ ၂၀၀၁ - အငြိမ်းစားယူ ခဲ့ပြီး စာပေ၊ ကဗျာတွေ ပိုရေးသားခဲ့တယ်။ သူ့အသက် ၈၇ နှစ်အရောက် ၂၀၁၆ - ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ခြောက်နာရီ ကျော် အမေရိကန်မှာ ကွယ်လွန်ခဲ့တယ်။  “အနုပညာကျွန်း” ရောက်ခဲ့ဖူးတယ် ယစ်မူးငြိမ့်လျော၊ လှေအမျောမှာ တယောလဲ့လဲ့၊ တီးတိုးနွဲ့ရင်း ဆိုဖွဲ့သီချင်း၊ ဖြည်းညှင်းညှင်းဆို ဟောဟိုမြေနု၊ သစ်ပင်စုနဲ့ အနုပညာကျွန်းကိုပေါ့။ အဲသည်မှာလေ စာပေကိုဖတ်၊ ကဗျာစပ်လိုက် ဆောက်အပ်တွေစု၊ ရုပ်တုထုလိုက် နုရင့်ရောင်တွဲ၊ ပန်းချီဆွဲလိုက် ရင်ထဲ ခုတောင် ခုန်သေးတယ်။ နေရစ်တော့နော် ကြော့ကြော့ကလေး၊ လအေးအေးအောက် ငှက်တေးသံညင်၊ မြေပေါ်စဉ်ဖိတ် ရေပြင်ညံ့အိ၊ သစ်နွယ်ငြိချိန် စိတ်၏အစာ၊ ငတ်ပြတ်ဆာတော့ ပြန်လာလည်ပတ်ပါဦးမယ်။ ။  (ကြည်အေး) တာရာမဂ္ဂဇင်း၊ အတွဲ ၄၊ အမှတ် ၂၇၊ ၁၉၄၉ “ကြည်အေးရဲ့ကလောင်ခွဲတခု” ကြည်အေးရဲ့ ကလောင်ခွဲတခုက မမိုးသူ ဖြစ်တယ်။ မမိုးသူ ကလောင်နဲ့ The Working Peoples Daily မှာ ဆောင်းပါးတွေ ရေးခဲ့တယ်။ ဆရာမကြီး ကြည်‌အေးဟာ တာရာမဂ္ဂဇင်းမှာ ကဗျာ အများဆုံး ရေးသားခဲ့တာပါ။ မဂ္ဂဇင်းကြီးတွေမှာ ကဗျာ၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ပုံပြင်၊ ဘာသာပြန်တွေ ရေးသားခဲ့တယ်။ အတွေးအရေး ဆန်းသစ် တီထွင် ရဲတင်းမှုနဲ့အတူ ဖြစ်တည်မှု ပဓာန ဝါဒဆန်သော စာရေးဆရာမအဖြစ် ကျော်ကြားခဲ့ပါတယ် “ကြွေပွင့်ကိုသာ ကောက်ပါမောင်” ကိုင်းထိပ်ဖူးမှာ ပွင့်ဦးအသစ် ယခုလှစ်သည့် ရွှေရစ်ပန်းပြာ ခပ်မာမာလေး ။ လှမ်းမီပေမယ့် မောနေပါ့မယ် ခူးမလွယ်ဘူး ။ မြေဝယ်လျှောင်းစင်း မောင့်ခြေရင်းက သက်ဆင်းကြွေလွင့် ခရေပွင့်လေ။ အလွယ်လိုက်ပြီး အကြိုက်ဆင်သင့် လှမ်းကြိုနှင့်သည့် ကြွေပွင့်ကိုသာ ကောက်ပါမောင်ရယ်… ။ ။    (ကြည်အေး) ရှုမဝမဂ္ဂဇင်း၊ ၁၉၅၃၊ ဇန်နဝါရီ ( “နွမ်းလျအိမ်ပြန်” ဝတ္ထုမှ . . )  “ကြည်အေး ရေးသားထုတ်ဝေခဲ့သော စာအုပ်များ” “မီ” ပထမအကြိမ် ၁၉၆၀ ခုနှစ် (ဒု- ၁၉၉၅)၊ “တမ်းတတတ်သည်” ပထမအကြိမ် ၁၉၆၁ ခုနှစ် (ဒု- ၁၉၉၅)၊ “ကျွန်မပညာသည်” ပထမအကြိမ် ၁၉-- ခုနှစ် (ဒု- ၂၀၀၃)၊ “နွမ်းလျအိမ်ပြန်”၊ “ဖုန်းသက်တိုင်”၊ “မောင်ကိုကို နှင့် မြနန္ဒာ” ပထမအကြိမ် ၁၉၇၃ ခုနှစ် (ဒု- ၁၉၉၃)၊ “မေတ္တာမီးအိမ်” ပထမအကြိမ် ၁၉၇- ခုနှစ် (ဒု- ၁၉၉၄)၊ “ကြည်အေး၏ကဗျာများ” ပထမအကြိမ် ၁၉၉၀ ခုနှစ် (ဒု- ၁၉၉၂)၊ “ကြည်အေး၏ဝတ္ထုတိုများ(၁)” ပထမအကြိမ် ၁၉၉၁ “ကြည်အေး၏ဝတ္ထုတိုများ(၂)” ပထမအကြိမ် ၁၉၉၃၊ “ကြည်အေး၏ဝတ္ထုတိုများ(၃)” ပထမအကြိမ် ၁၉၉၃၊ “ဤမာန” ပထမအကြိမ် ၁၉၉၄ ၊ “ကြည်အေး၏ဝတ္ထုတိုများ(၄)” ပထမအကြိမ် ၁၉၉၅ ၊ “တောတောင်ရေမြေ” (ဘာသာပြန်) (၁၉၉၅) ၊ “အိပ်မက်”၊ “အပြင်ကလူ” (၁၉၉၆) ၊ “ညတစ်ည”၊ “စိမ်းမြညတစ်ည” (၁၉၉၇) ၊ အိပ်မက်၊ အပြင်ကလူ(၂) အေးရဲ့ဖွင့်ဟဝန်ခံချက် (၁၉၉၇) ၊ “ဖူးငုံပွင့်သစ်” (၁၉၉၈) ၊ “စိုးနှင့်ခိုင်” (၂၀၀၀) ၊ “မှန်၏မှောင်ရိပ်” (၂၀၀၁) “ကဗျာချစ်သူ” သံချိုစပ်ပါတဲ့ ကို ထပ်ခါတစ်ရာပြောရှာလည်း မောရုံရှိမယ် စိုးပါရဲ့ လွန်မိတယ် ရှေ့သာတိုးမယ်မို့ မျက်ရည်မိုးအုံ့ခဲ့ပြီ။ ကဗျာမိုက်ကိုမှ ကြိုက်လှတယ်၊ အဆိုလောရှာသမို့ မနက်စော သီဝေနေခိုက် စိတ်လေ လေပစေဦးရယ်နဲ့ တေချင်ပေချင်တဲ့ထုံးစံမို့ တစ်ရယ် နှစ်ရယ် သုံးရယ်ပေါ့ ကာရန်တွေ အလွတ်မရုန်းစေဘု လေးလုံးစပ် ကဗျာစီ။ ဘယ်သူရိုက်ရင်လည်း ခေါင်းငိုက်ခံပါ့မယ်ရှင့် ဘဝမှာ ဘာကိုတွယ်မလဲ ကဗျာရယ်စာရယ်ရှိရင်တဲ့ ကျေနပ်မိ ကပျာကသီ အသာတကြည်ပေါ့ထွက်ပြေး။ မေ့နိုင်ကောင်းပါရဲ့လို့ စိတ်ကိုပြောင်းစဉ်မှ ငြိမ့်ညောင်းသံချိုနှောပါ ခလှည့်လို့တော့ ငိုမဲ့ချင်အောင် မဖန်နှင့် ကံချွန်ရင် အံ့ဖွယ်ခန်းပါတဲ့ အလှမ်းတကယ် ဟာမှ လမသာ၊ ညကြီးမင်းကြီးပေါ့ ထပြီး ထိုင်ပွေနေမရှင့် အိပ်ရာတွေ တွန့်ကြေလိပ်ခါမှ ငိုတိတ်မယ်လေး။ ။  (ကြည်အေး) သွေးသောက်မဂ္ဂဇင်း၊ ဇွန်၊ ၁၉၅၃ ကြည်အေးကဗျာ၊ ဖော်ပြပါလျှင်၊ စာစဉ်မဆုံး၊ များလှဦးမှာမို့ သူ့ကဗျာတွေ သည်မှာတင်ရပ်လိုက်ပါတယ်။ ကြည်အေးဆိုတာ ကဗျာဆရာမကြီး၊ စာရေးဆရာကြီး၊ စိတ်ရောဂါ အထူးကု ကထိက ဆရာဝန်မကြီး၊ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဆရာမ၊ ဘီဘီစီ အသံလွှင့်သတင်းသမား စသဖြင့် ဘဝစုံသူပါ။ သူမရဲ့ ကဗျာစာအုပ်မှာနဲ့ သူ့ဝတ္ထုတို သရုပ်ဖော်ပုံတွေကို သူမကိုယ်တိုင် ပန်းချီ ရေးဆွဲတာတာတွေလဲ ရှိခဲ့တာမို့ စုံသူလို့ ဆိုနိုင်တယ်။ ဖြစ်တည်မှုပဓာနဝါဒီဆိုတဲ့ ကြည်အေးဟာ ကဗျာ အတွေးဆန်း၊ အရေးဆန်းပါတယ်။ တချို့က ကြည်အေးကို ဝေဖန် တိုက်ခိုက်ခဲ့ကြတယ်။ ဒါတွေကိုတော့ ကြည်အေးက စိတ်မဝင်စားပါ။ “ ကျွန်မကို မနာလိုတဲ့ စာရေးဆရာ တချို့က ပြောင်ကြ လှောင်ကြတာ ကျမ နားမကြောင်ခဲ့ပါဘူး။  ပြန်လှန်ချေပလဲ မရေးခဲ့ပါဘူး။  ခုထိ ကျွန်မနဲ့ ပတ်သက်ပြီး မဟုတ်မဟတ် ရေးနေကြသေးတာလဲ ကြားသိရ၊ တခါတလေ ဖတ်ရပါတယ်။  သူတပါးက ပြစ်မှားတဲ့စကားကို ကျွန်မလက်ခံရင် ကျွန်မ စိတ်ထိခိုက် နစ်နာမှာပေါ့။  ကျွန်မက လက်မခံပဲ လွှတ်ပြစ်လိုက်တော့ လေလွင့် ပျောက်ပျက်သွားမှာပေါ့။ ဒီလိုပဲ သဘောထားပါတယ်။ ။  (ကြည်အေး) ကြည်အေး၏ကဗျာများစာအုပ် အမှာစာမှ . . . ခေတ်သစ်မြန်မာစာပေလောကမှာ ထင်ရှားကျော်ကြားလှတဲ့ ကဗျာဆရာနဲ့ စာရေးဆရာမကြီး ကြည်အေး ဟာ အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် ကွယ်လွန်ခဲ့ပြီမို့ အခု ၂၀၂၀ ဒီဇင်ဘာ ၂၈ ဟာ သူ့မ ထွက်ခွာ သွားခဲ့တာ ၄ နှစ်ပြည့်ပြီ။ နေတစင်းကွယ် လွန်ခဲ့ပြီဆိုပေမဲ့ သူ့ရဲ့ အပူ အလင်း အရောင် ရှိန်ဝှာတွေကတော့ တောက်နေဆဲပါ။ ဆရာမကြီး ကြည်အေးရဲ့ စာပေ ကဗျာတွေကလဲ ရုပ်ရှင်ပိတ်ကားတွေထဲမှာ ရွတ်ဆိုသံတွေ ကြားနေ မြင်နေရတဲ့အထိ ပျံ့လွင့်နေဆဲ ထင်ရှားနေဆဲပါဗျာ။ ။  မောင်တူး
11 months Ago

December 11, 2020

ဦးခင်မောင်မြင့်ကို အစဉ်ထာဝရ ဂုဏ်ပြုကြပါစို့  

“ပြည်သူ့တိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့် ၉၁ နှစ်ပြည့်” ရှစ်လေးလုံးမည်၊ ဒီမိုကရေစီ အောင်ပွဲဆီသို့၊ ပြည်သူ့တံတိုင်း  တော်လှန်လှိုင်းမှာ၊ မဆိုင်းမတွ  ကူးခတ်ပြသူ၊ လူထုကူညီ  ရန်သူကို ပြတ်သား၊ ခွန်အားအပြည့် တိုက်ပွဲရှေ့ဆောင်၊ “ဦးခင်မောင်မြင့်” ကြယ်တပွင့်အား၊ မွေးဖွားခဲ့တာ  ကိုးဆယ့်တနှစ် ရှိလာပြီ။ ။  “ဦးခင်မောင်မြင့်ကို အစဉ်ထာဝရဂုဏ်ပြုကြပါစို့” ခေါင်းစဉ်ကို ကဗျာဆရာဝင်းတင့်ထွန်းရဲ့ ကဗျာအဆုံးသတ်ကနေ ယူသုံးထားပါတယ်။ ဦးခင်မောင်မြင့်ကိုယ်တိုင်က သူ့ရဲ့ ၈၈၈၈ အပြီး ပြန်ဖွဲ့တဲ့ ပြည်သူ့တိုးတက်ရေးပါတီ ခေါင်းဆောင်စာရင်းမှာ ကဗျာဆရာ ဝင်းတင့်ထွန်း လို့ အလုပ်အကိုင် နေရာမှာ (ကဗျာဆရာ) ကို သုံးပေးသွားခဲ့တာပါ။  ဦးခင်မောင်မြင့်ဆိုတာ ငယ်စဉ် ကတည်းက ဖက်ဆစ် ဂျပန်တော်လှန်ရေးမှာ ပါခဲ့သူ။ ရန်ကုန်တက္ကသိုလ် တကသ ကျောင်းသားလှုပ်ရှားမှုတွေမှာ ပါခဲ့သလို ကိုကိုးကျွန်း အစာငတ်ခံ တိုက်ပွဲအဆင့်ဆင့်မှာ ဦးဆောင် ပါဝင်ခဲ့သူ၊ ၈၈၈၈ အရေးတော်ပုံကြီးအပြီး  ပြည်သူ့ တိုးတက်ရေး ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်ဟာ စစ်အာဏာရှင်အစိုးရ၊ ဖိနှိပ်သူ စစ်အုပ်စုနဲ့ ဒီမိုကရေစီတိုက်ပွဲရဲ့ ရန်သူတွေကို ပြတ်ပြတ် သားသား ဆန့်ကျင် တိုက်ပွဲဝင်ခဲ့သူပါ။ လာမဲ့ ၂၀၂၁ ခု ဖေဖော်ဝါရီ ၁၆ ဆိုရင် ဒီမိုကရေစီ ကြယ်ပွင့်ကြီး ဦးခင်မောင်မြင့် ကျဆုံး ခဲ့တာ ၂၈ နှစ် ရှိပါတော့မယ်။ ဦးခင်မောင်မြင့်ကို ၁၉၂၉ ခုနှစ်က ဒေးဒရဲမြို့နယ်၊ သဲကုန်းရွာမှာ မွေးခဲ့တယ်။ သူဟာ စတီရီယို အဆိုတော် ကိုသန်းလှိုင်ရဲ့အကို ဖြစ်ပါတယ်။ အခု ၂၀၂၀ ဒီဇင်ဘာ ၁၁ ဟာ ဦးခင်မောင်မြင့် ရှိနေသေးရင် ၉၁ နှစ် မွေးနေ့ပါ။ ကိုခင်မောင်မြင့် လို နိုင်ငံရေးသမားစစ်စစ်တွေ  ဗမာပြည်မှာ ပေါ်လာလို့ရှိရင် ဒီ စစ် အစိုးရ ကို အမြန်ဆုံး ဖက်ပြိုင် အံတုနိုင်လိမ့်မယ်။  လူငယ်တွေ ဦးခင်မောင်မြင့်ကို အတုယူစေချင်တယ်။ ။   ဦးလေးမြင့် (အတွင်းရေးမှူး ၃) ပြည်သူ့တိုးတက်ရေးပါတီ  ကြွေခဲ့ကြာလျှက်၊ ထိန်လင်းလက်ဆဲ၊ ပြိုးပြက်ကြယ်စင်၊ ဦးခင်မောင်မြင့်ရဲ့ အကြောင်းကို AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းက ပုံနှိပ်ထုတ်ဝေထားတဲ့ ကျဆုံးနိုင်ငံရေးအကျဉ်းသားတွေအကြောင်းစာအုပ် “ရှစ်စက္ကန့်ငြိမ်” စွန့်လွှတ်သူတို့၏ရာဇဝင်မှာ အခုလို ဖော်ပြထားပါတယ်။  “ဦးခင်မောင်မြင့်” ဒေးဒရဲမြို့ ဧရာဝတီတိုင်းတွင် မွေးဖွားသည်။ ၁၉၈၉ ခုနှစ် ဇွန်လတွင် ဖမ်းဆီးခြင်းခံရသည်။  ၁၉၉၃ ဖေဖော်ဝါရီ ၁၆ ရက်နေ့တွင် ကွယ်လွန်သည်။ ကွယ်လွန်ချိန်တွင် အသက် ၆၃ နှစ် ရှိပြီဖြစ်သည်။  နိုင်ငံရေးနောက်ခံ။ ။ ဦးခင်မောင်မြင့်သည် အသက် ၁၄ နှစ်အရွယ် ၁၉၄၅ ခုနှစ် ဖက်ဆစ်ဂျပန်တော်လှန်ရေး ကာလတွင် သခင်စိုးနှင့် ဗိုလ်နေဝင်းအကြား ဆက်သားအဖြစ် မြန်မာပြည်လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သူဖြစ်သည်။ ၁၉၅၃-၅၄ တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) အမှုဆောင်တဦးအဖြစ် ကျောင်းသားထု၏အရေး၊ စစ်မှန်သည့် ဒီမိုကရေစီပညာရေးအတွက် ရှေ့တန်းမှ ပါဝင်ခဲ့သည်။ အစဉ်အလာကြီးမားလှသည့် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များ၏ စာရင်းတွင် တဦးအပါအဝင် ဖြစ်ခဲ့သည်။ ၁၉၅၉ ခု ပြည်သူ့တိုးတက်ရေးပါတီ ပေါ်ထွန်းသည့်အခါ ဗဟိုကော်မတီဝင်၊ အတွင်း ရေးမှူး စသည့်တာဝန်များယူခဲ့သည်။ တိုးတက်သည့် နိုင်ငံရေးပါတီများစုစည်း၍ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသား ညီညွတ်ရေးတပ်ပေါင်းစု ပမညတ ဖွဲ့ရာတွင် သဘာပတိအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။  ပြည်တွင်းငြိမ်းချမ်းရေး ၆ ခရိုင် ဆန္ဒပြပွဲတွင် ပဲခူးစစ်ကြောင်းမှူးချုပ်အဖြစ် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အတွက် တက်ကြွသည့် အခန်းမှ ပါဝင်ခဲ့သည်။  ၁၉၆၅ ခုနှစ်တွင် တော်လှန်ရေးကောင်စီက အမျိုးသားစည်းလုံးညီညွတ်ရေးကို ကာကွယ်သည့်ဉပဒေ ထုတ်ပြန်ပြီး တပြည်လုံးရှိ နိုင်ငံရေးပါတီများ၊ သာရေးနာရေး အသင်းများ၊ စာရေးဆရာအသင်း စသည့် အသင်းအဖွဲ့အားလုံး ကို ဖျက်သိမ်းခဲ့သည်။ ဖျက်သိမ်းပြီးစီးကြောင်း အဖွဲ့အစည်းခေါင်းဆောင်များကိုယ်တိုင် လက်မှတ်ရေးထိုးစေပြီး အဖွဲ့၏ ဆိုင်း ဘုတ်၊ တံဆိပ်တုံး၊ အလံများပါမကျန် လာရောက်အပ်နှံကြ ရန် အမိန့်ထုတ်ခဲ့သည်။  “ပြည်သူ့တိုးတက်ရေးပါတီ”က ဖျက်သိမ်းကြောင်း ကြေညာခြင်း မပြုသဖြင့် ခေါင်းဆောင်အားလုံး အဖမ်းခံခဲ့ရသည်။ ၁၉၆၉ ခုနှစ်တွင် ကိုကိုးကျွန်းသို့ ပို့ဆောင်ခံခဲ့ရသည်။ ဦးခင်မောင်မြင့်သည် ကျွန်းဖျက်သိမ်းရေးတိုက်ပွဲဟု ထင်ရှားသည့် ကိုကိုးကျွန်း အကျဉ်းထောင်စံနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ ဦးနေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရကပေး သော နိုင်ငံဂုဏ်ရည်ဘွဲ့ကို ငြင်းဆိုခဲ့သည်။  ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံကြီးတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်ဟောင်းကြီးများ အနေဖြင့် ပါဝင်ခဲ့သည်။ ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့တိုးတက်ရေးပါတီ ဖွဲ့စည်းသည့်အခါ ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အထက်မြန်မာပြည်တဝန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး တရားများဟောခဲ့သည်။ ပါတီ ထောင်ပြီး ၇ လမျှအကြာ ၁၉၈၉ ခုနှစ် ဇွန်လတွင် အဖမ်းခံခဲ့ရသည်။ နိုဝင်ဘာလ ၆ ရက်နေ့တွင် တရားမဝင်အဖွဲ့အစည်း များနှင့် ဆက်သွယ်မှုဖြင့် ထောင် အနှစ် ၂၀ ချခံရသည်။  သေဆုံးပုံ။ ။ ဦးခင်မောင်မြင့်သည် ၁၉၉၁ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ ဝမ်းကိုက်ရောဂါ ရရှိခဲ့သည်။ ၁၉၉၂ ခုနှစ် ဩဂုတ်လတွင် အင်းစိန်ထောင် ဆေးရုံတွင် ဆေးကုသမှုခံယူသည်။ ဝမ်းကိုက်ရောဂါကို တနှစ်ကျော် ခံစားခဲ့ရပြီး ၁၉၉၃ ခု ဖေဖော်ဝါရီလ ၁၆ ရက်တွင် ထိုဝမ်းကိုက်ရောဂါဖြင့်ပင် အင်းစိန်ထောင်တွင်း သေဆုံးခဲ့ရသည်။  မှတ်ချက်။ ။ ဦးခင်မောင်မြင့်သည် အသက် ၁၄ နှစ်မှ ကွယ်လွန်ချိန်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလ၊ ပါလီမန်ဒီမိုကရေစီ ကာလ၊ မဆလစစ်အာဏာရှင်ကာလ၊ နဝတစစ်အာဏာရှင်ကာလတလျောက်လုံး ပြည်သူလူထုအတွက် ကိုယ်ကျိုးစွန့် အနစ် နာခံ၍ ပြည်သူရှေ့မှ မားမားမတ်မတ်ရပ်ခါ တိုက်ပွဲဝင်သွားခဲ့သူဖြစ်သည်။ ထို့ကြောင့်လည်း စစ်အာဏာရှင်ခေတ် အဆက်ဆက် အကျဉ်းထောင်တို့တွင် အကြိမ်ကြိမ်အခါခါ ထိန်းသိမ်းခြင်း ခံခဲ့ရသည်။  ထောင်အရာရှိများ။ ။ ထောင်ပိုင်ကြီး (တာဝန်ခံအရာရှိ) ဦးဘိုကြည်    ထောင်တာဝန်ခံဆရာဝန် ဒေါက်တာစိုးကြည်                                            “ ဒီဆေးရုံမှာ ဒီနေရာကိုထွက်လာကြပြီး ဆေးကုကြတဲ့ ကိုစိန်ဝင်း၊ ကိုညိုဝင်း၊ ကိုစိုးဝင်း သူတို့အားလုံး သေသွားကြပြီ။ ထောင်ထဲကို ပြန်မသွားနိုင်ခဲ့ကြဘူး။ သိတယ် မဟုတ်လား . . .။  ငါ . . . ။ ခင်မောင်မြင့် . . . ဒီမှာ မသေဘူး . . .။ ထောင်ထဲကို ရောက်အောင်ပြန်ဝင်မယ် . . . ။ တခုပဲ မှာခဲ့မယ်။ ငါသေတဲ့အခါ ငါ့အလောင်းကို “ပြည်သူ့တိုးတက်ရေးပါတီ” အလံနဲ့ ဖုံးလွှမ်း ပေးပါ။ ငါ့အနေနဲ့ နောက်ဆုံးအချိန် သေတဲ့အထိ စစ်အာဏာရှင် အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ပြောလိုက်ပါ။ အားလုံးကို ပြောပြလိုက်ပါ။”    ဦးခင်မောင်မြင့် (အင်းစိန်ဆေးရုံ ၁၉၉၃ ဖေဖော်ဝါရီ) “ဦးခင်မောင်မြင့်” ရဲရင့် နီမြ ၊ ဂုဏ်ပြောင်လှသည့် ဘဝ သန့်စင် ၊ အို - ကြယ်စင် - - ကြယ်စင်သည်ကား ၊ အမှောင်ကြား၌ မွေးဖွားလာရ ၊ ပေါ်ခဲ့ရလည်း ညအား ခွင်းဖေါက် တမိုးသောက်ရေး ၊ ဘဝပေးပြီး သွေးနှင့် ညွှန်ပြ ၊ အလင်းငှ ခဲ့ ကျ ရာ နေရာ - ရောက်ရာအရပ် ပဲ့တင်ထပ်အောင် ၊ အားမာန်ဆောင် ရင်း အမှောင်ကို ဖြို ၊ အမှောင်ဆို တိုက် အမိုက် တိမ်လွှာ ၊ တိမ်တကာ ကို ကျေညာ စစ်ဆင် ၊ ခရီး နှင် ခဲ့ ကြယ်စင် တာဝန်ကြေခဲ့ပါပေပြီ - - - မိုးမသောက်သေး ၊ ရောင်နီ ဝေးဆဲ သွေးနဲ့လိမ်းကျံ ၊ သည် ညယံ ၏ တေးသံ သုဉ်းဆိတ် ၊ အမှောင်ရိပ် ဝယ် မမှေးမှိတ်ချင် ၊ လင်းလိုက်ချင်လည်း ကြယ်စင် တပွင့် ၊ ဒဏ်ရာဆင့်ခဲ့ ရင်နင့်စရာ - ကြွေ ရ ပါ ပြီ ဘယ်ခါ ဖြေသိမ့် ၊ ရနိုင်ချိမ့် အံ့ မဆန့်ရင်မှာ ၊ ဝေဒနာ ဖြင့် ခါ ခါ ဂုဏ်ပြု ၊ အလေးပြု လိုက် ဦးညွှတ်လိုက်သည် သောင်းတိုက်ကမ္ဘာ တည်ပါစေ - - - ဪ - ကြယ်စင်တပွင့် ရင်နင့်စရာ ၊ ကြွေရ ရှာပြီ မဟာမြေပြင် ၊ ကမ္ဗည်းတင်လျက် ကြင်နာလှစွာ ၊ ထွေးပိုက်ပါလော့ - ဇာနည်သားကောင်း - သူရဲကောင်း၏ အလောင်းကိုယ်ပေါ် ၊ သွေးစက်ပေါ် ၌ စိုက်ထူ သိမ်းထုပ် ၊ အလံအုပ် ရင်း ကမ္ဘာချဉ်းတိုင် ၊ သူ့မှတ်တိုင်ကို ဆုပ်ကိုင် စံပြု ၊ အလေးပြုကြ ညကို ခွင်းဖေါက် ၊ ဆက်လက်လျှောက်ရင်း မပျောက် ကြယ်စင် ၊ မြတ် ဝိဉာဉ် ကို အစဉ် ထာဝရ ဂုဏ်ပြုကြပါ စို့ - အစဉ် ထာဝရ ဂုဏ်ပြုကြပါ စို့ - -            (ဝင်းတင့်ထွန်း) ၁၉၉၃ ရေးဖွဲ့သည်။ အေအေပီပီရဲ့ ၈ စက္ကန့်ငြိမ်စာအုပ်ပါ ဦးခင်မောင်မြင့် အကြောင်းနဲ့ တဆက်တည်းဖော်ပြထားတဲ့ ဆရာ ဝင်းတင့်ထွန်းရဲ့ ဂုဏ်ပြု ကဗျာပါ။ ဦးခင်မောင်မြင့်ဟာ ၁၉၉၀ ရွေးကောက်ပွဲမတိုင်ခင်ကာလ အဖမ်းမခံရခင်က ပြတ်သားတဲ့မိန့်ခွန်းတွေ ပြောခဲ့ပါတယ်။ ၁၉၈၉ ခုနှစ် မတ် ၁၃ ရန်ကုန်စက်မှုတက္ကသိုလ် မြက်ခင်းပြင်က ဖုန်းမော်အရေးအခင်း နှစ်ပတ်လည်မှာ ပြောတဲ့ သူ့မိန့်ခွန်းထဲက တချို့ကို ကောက်နုတ်ဖော်ပြပေး လိုက်ပါတယ်။    “ဟေ့ အာဏာရှင်တို့ သိပ်မကြောက်ကြပါနဲ့ ခင်ဗျားတို့ ဘယ်လိုပြေးပြေး မလွတ်ဘူး ကိုယ်နှိပ်စက်ခဲ့တဲ့ဒဏ် ကိုယ်ပြန်ခံကြရမယ်။ ။ ဦးခင်မောင်မြင့် ၁၃ - ၃ - ၁၉၈၉ “ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တွေကို ကျွန်တော် ပြောချင်တယ်။ သမိုင်းမှာ ကျွန်တော် မှန်တယ်ထင်လို့ လုပ်ခဲ့တယ်။ ဒီအတွက် သူတို့က ကျွန်တော်တို့ကို ကျွန်းပို့တယ်။ ကျွန်တော်တို့ ခံခဲ့ရတယ်။ ခံရဲတယ်။ ခင်ဗျားတို့ (အစိုးရ) လဲ ပြည်သူတွေကို ဒီ လောက် နှိပ်စက်နေရင် လုပ်ခဲ့တဲ့ဒဏ်တော့ (ပြန်)ခံရမှာပဲ။ သိပ်မကြောက်ကြပါနဲ့။ ကိုရီးယားမှာ “ချန်ဒူးဝှမ်”ဟာ သူ့စိတ် ကြိုက် အစိုးရဖွဲ့ထားပြီးမှ လွတ်ရာလွတ်ကြောင်း ထွက်ပြေးတာတောင် မလွတ်ပါဘူး။ “ကိုယ်လုပ်ပြီးမှတော့ ကိုယ်ခံရဲရမှာ ပေါ့။” ဒါက အစိုးရကို ပြောချင်တာပါ။ ”             ဦးခင်မောင်မြင့် ၁၃ မတ် ၁၉၈၉ ဘုန်းမော်နေ့ တနှစ်မြောက်အခမ်းအနား ဦးခင်မောင်မြင့်ရဲ့ ဟောကိန်း မှန်လှပါတယ်။ အာဏာရှင် ဗိုလ်ချုပ်တွေ ဖြုတ်ထုတ် လုပ်ကြံ ခံခဲ့ကြရတာ အားလုံး အမြင်ပါ။ အားလုံးကို တာဝန်ယူကိုင်တွယ် ရက်စက်ခဲ့တဲ့ ဦးခင်ညွန့်နဲ့ အပေါင်းအပါတွေလဲ ဦးခင်မောင်မြင့်ရဲ့ ဟောကိန်းအတိုင်း ခံခဲ့ကြ ပြီးပါပြီ။ အာဏာရှင်ကြီး ဦးနေဝင်းလည်း မသေမီ ပြန်ခံသွားခဲ့ရပြီးပေါ့။ သူ့ဈာပနကိုတောင် လူမသိသူမသိ ဖုတ်ပူမီးတိုက် လုပ်သွားခဲ့ရပုံပါ။ အခုလည်း ပြည်သူလူထုကြီးရဲ့ဒဏ်ခတ်မှုကို ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရှင်အုပ်စုတွေ ခံခဲ့ကြရပြီးတာ ပူပူနွေးနွေးပါ။ ဦးခင်မောင်မြင့်ရဲ့ ပြောကြားချက် မှန်ပေစွ။  “အပျိုကြီး လင်လိုချင် ဆတ်ကော့လပ်ကော့လုပ်ပြ။ ဒါမှ ရမယ်။ ပြည်သူတွေ ဒီမိုကရေစီလိုချင် ကိုယ်တိုင် ဆပ်ကော့လပ်ကော့လုပ်ပြ။ လိုချင်တဲ့အကြောင်း အသည်းအသန် ပြကြမှ ရမယ် ။ ။    ဦးခင်မောင်မြင့် ၁၃ - ၃ - ၁၉၈၉ ဦးခင်မောင်မြင့် မိန့်ခွန်းပြောရင် ပုံတိုပတ်စတွေနဲ့ ပြောတတ်တယ်။ ၁၃ မတ် ၁၉၈၉ ဘုန်းမော် တနှစ်မြောက် မိန့်ခွန်း အပိတ်မှာ သူက ဒီမိုကရေစီလိုချင်ရင် လိုချင်ကြောင်း ထင်ထင်ရှားရှား ပြကြဖို့ အခုလို ပြောခဲ့တယ်။ “အပျိုကြီးမအေးဟာ အသက်ကြီးနေပြီ။ အရွယ်ဟိုင်းပြီ။ ၃၅ -၄၀ ထဲ ရောက်နေပြီ။ တင့်တင့်တို့အရွယ် မဟုတ်တော့ဘူး။ ဒါပေမဲ့ သူ ယောက်ျားလိုချင်နေတယ်။ ဘုရားပေါ် ဗေဒင်ဆရာဆီသွားတယ်။ ဆရာက ဖယောင်းတိုင်ထွန်းခိုင်း၊ လာဘ်တင်ခိုင်းတယ်။ မအေးက အကုန်လုပ်ပေးတယ်။ ဗေဒင်ဆရာက (မအေး မပူနဲ့တော့ တန်ဆောင်မုန်းမှာ မောင်ဖုန်းလာလိမ့်မယ်)အိမ်ထောင်ကျမယ်လို့ ဟောလိုက်တယ်။ ဒါပေမဲ့ တန်ဆောင်မုန်းမက နတ်တော်ကျတဲ့ထိ လင်က မရဘူး။ ဒီတော့ ဘုရားပေါ် ဗေဒင်ဆရာကို ရန်သွားတွေ့တယ်။ ဗေဒင်ဆရာက ဘာပြန်ပြောတယ်ထင်လဲ။ (မအေး။ ခင်ဗျား အရွယ်ဟိုင်းနေပြီ။ ဒီတော့ ကာလသားတွေကြိုက်အောင် အရပ်ထဲမှာ ဆပ်ကော့လပ်ကော့လေး လျောက်ဦးမှပေါ့တဲ့။) ခုလဲပဲ ကျွန်တော်တို့ဟာ ဒီမိုကရေစီလိုချင်တယ်။ ဒီမိုကရေစီအစိုးရ လိုချင်တယ်။ ကျွန်တော်တို့ ကိုယ်တိုင် ဆပ်ကော့လပ်ကော့ လုပ်ရမယ်လို့ ပြောရင်း နိဂုံးချုပ်လိုက်ပါတယ်။”   ဦးခင်မောင်မြင့် မိန့်ခွန်း ၁၃ - ၃ - ၁၉၈၉ ဘုန်းမော် ၁ နှစ်ပြည့် ဦးခင်မောင်မြင့် ပြောကြားချက် မှန်ကန်လွန်းလှပါတယ်။ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးကစပြီး ၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ လူထုတရပ်လုံး ဆပ်ကော့ လပ်ကော့ လုပ်ပြခဲ့ကြပြီးပြီပေါ့။ ဒီမိုကရေစီသာလိုတယ်။ အာဏာရှင် လုံးဝ မလိုပါကြောင်း ပြတ်ပြတ်သားသား ပြလိုက်ကြ ပါပြီ။ ပြည်သူတွေ ဘာလုပ်ကရမလဲ ဆိုတာကို ကြိုပြော ကြိုမြင်ခဲ့သူ ဦးခင်မောင်မြင့်ပါ။  ပြည်သူ့တိုးတက်ရေးပါတီ ဥက္ကဌ ဦးခင်မောင်မြင့် အကြောင်း၊ သူ့သမိုင်း သူ့ရာဇဝင်ရဲ့ တစ နှစ်စ ဖော်ပြလိုက်တာပါ။ ဟံသာဝတီ သတင်းစာဆရာကြီး ဦးဝင်းတင်ကတောင် “ဦးခင်မောင်မြင်ဟာ နိုင်ငံရေးသမား၊ ကျနော်က အာဂန္တု” လို့ ချီးမွမ်းခဲ့ဘူးသူပါ။ သူ့လိုလူ သူ့လို ပုဂ္ဂိုလ်အကြောင်း ရေးဖွဲ့မယ်ဆိုရင် ပေတဖွဲ့ ကျမ်းတဆောင် ကုန်နိုင်ဖွယ်မရှိပါပြီ။ ရေးစရာ နောက်ထပ်အများကြီး ကျန်ပါသေးတယ်။ ဦးခင်မောင်မြင့်ကို အာဏာရှင် ဦးနေဝင်းက သူကောင်းပြုပေးမဲ့ အခွင့်အရေးကို လက်မခံ ခဲ့တာတွေ၊ ထောင်ထဲမှာ ဆိုးလှတဲ့ ထောင်ဝါဒါတွေကို သူက ပါးရိုက် ဆုံးမခဲ့တာတွေ၊ ကိုကိုကျွန်းမှာ စစ်ဗိုလ်တွေကို ပြတ်ပြတ်သားသား ဆက်ဆံခဲ့တာတွေ၊ နောက်ဆုံး ထောင်ဆေးရုံမှာ စစ်အစိုးရကို ထောက်ခံရင် ကောင်းကောင်း ဆေးကုပေး မယ်လို့ အာဏာပိုင်တွေက ညှိခဲ့တာကိုတောင် သူက အသက်နဲ့ ရပ်တည်ချက် လဲမသွားခဲ့တာတွေ များလှသောင်းသောင်းပါ။    အရေးတော်ပုံကြီးရဲ့ အဆုံးသတ်အောင်ပွဲကိုရဖို့ ကျွန်တော်တို့ တော်တော်လုပ်ရလိမ့်ဦးမယ်။ ဒီပွဲမှာ ကျနော် အသက်ပေးရလိမ့်မယ်။ ပေးဖို့လည်း ဆုံးဖြတ်ထားပြီးပါပြီ။ ။ (ဦးခင်မောင်မြင့်) ဦးခင်မောင်မြင့်ဟာ အသက်ပေးပြီး ဒီမိုကရေစီတော်လှန်ရေးကို ဦးဆောင်သွားခဲ့တာပါ။ ဒီဇင်ဘာ ၁၁ ရက်ဟာ သူ့ရဲ့ ၉၁ နှစ် မွေးနေ့ပါ။ သူ့ရဲ့မွေးနေ့ရက်မှာ သူ့ဂုဏ် သူ့သိန် သူ့အရှိန်အဝါတွေကို အောက်မေ့ရင်းက သူမျှော်မှန်းတဲ့ စစ််််အာဏာရှင် ဆန့်ကျင်ရေး၊ မပြီးသေးသော်လည်း ခရီးမဝေးတော့တဲ့ ဒီမိုကရေစီ တိုက်ပွဲမှာ ကျွန်တော်တို့ ဆပ်ကော့လပ်ကော့ လုပ်ကြပါစို့။ “ဦးခင်မောင်မြင့်ကို အစဉ်ထာဝရဂုဏ်ပြုကြပါစို့”  “ဦးခင်မောင်မြင့်ကို အစဉ်ထာဝရဂုဏ်ပြုကြပါစို့”  “ဦးခင်မောင်မြင့်ကို အစဉ်ထာဝရဂုဏ်ပြုကြပါစို့”   မောင်တူး
12 months Ago
More News
Up