မသေဆေးရည်

August 27, 2015

မသေဆေးရည် ထည့်ထားသည့် ရွှေရေတကောင်း လုပွဲ (ရုပ်သံ)

အိန္ဒိယနိုင်ငံ အနောက်ပိုင်း နာဆစ်ခ်မြို့ ဂိုဒါဗရီမြစ်ရေထဲမှာ ထောင်သောင်းချီနေတဲ့ ဟိန္ဒူဘာသာဝင်တွေဟာ သြဂုတ် ၂၆ ရက်နေ့က ခွန်းဘ်မေလာပွဲတော် ဆင်နွှဲနေကြပါတယ်။ ဟိန္ဒူရိုးရာအရ ဗိဿ  နိုးနတ်မင်းက မကောင်းဆိုးဝါးတွေ လက်ထဲက မသေဆေးရည် ထည့်ထားတဲ့ ရွှေရေတကောင်းကို ပြန်လုယူတဲ့ အထိမ်းအမှတ် ပွဲတော်လည်း ဖြစ်ပါတယ်။ ရွှေရေတကောင်းကို ပိုင်ဆိုင်ရေး ၁၂ ရက်ကြာ တိုက်ပွဲအတွင်း မသေဆေးရည် လေးစက်က ကမ္ဘာမြေပေါ်က မြို့လေးမြို့ဖြစ်တဲ့ အလာဟာဘတ်၊ ဟာရီဒွါ၊ အူဂျိန်းနဲ့ နာဆစ်ခ် မြို့တွေပေါ် ကျခဲ့တယ်လို့ ဒဏ္ဍာရီက ဆိုပါတယ်။ ဒါကြောင့် ခွန်းဘ်မေလာ ပွဲတော်ကို ၃ နှစ်တခါ တမြို့စီမှာ ကျင်းပကြပြီး ပွဲတော်တွေ အားလုံးထဲမှာ အလာဟာဘတ်မြို့က ပွဲတော်က အမြင့်မြတ်ဆုံးလို့ ဆိုပါတယ်။ ၁၂ နှစ် ၁ ကြိမ် နာဆစ်ခ်မြို့ဆီ ဘုရားဖူးတွေ လာလေ့ရှိပါတယ်။ ဥတာပရာဒေ့ရှ်ပြည်နယ်ကလာတဲ့ သက်ဝင်ယုံကြည်သူ တယောက်ကတော့ ပွဲတော်တွင်း ပထမဆုံး အတွေ့အကြုံမှာ ငြိမ်းချမ်းမှုကို ခံစားရတယ်လို့ ပြောပါတယ်။ ရာမနတ်ဘုရားဟာ ဟိန္ဒူဘုရား ဗိဿနိုး ဝင်စားတာလို့ ယုံကြည်ကြပါတယ်။ အနှစ် ၂၀၀၀ ကျော်ပြီဖြစ်တဲ့ ဒီပွဲတော်ဟာ ဟိန္ဒူဆာဒူးကြီးတွေရဲ့ ဆုံမှတ်လည်း ဖြစ်ပါတယ်။ သက်ဝင်ယုံကြည်သူ အများအပြားကတော့ ဂိုဒါဗရီမြစ်ရေကို ပုလင်းတွေနဲ့ ဖြည့်ယူ နေကြတာပါ။ ပွဲတော် အထွတ်အထိပ်နေ့တွေကိုတော့ ဒီနှစ်အတွက် သြဂုတ် ၂၉၊ စက်တင်ဘာ ၁၃ နဲ့ ၁၈ ရက်နေ့တွေအဖြစ် အစီအစဉ် ဆွဲထားပါတယ်။ ရှေးဟောင်းပွဲတော်ဟာ ၁ ကြိမ် ကျင်းပတိုင်း အရွယ်အစား ပိုကြီးလာခဲ့တာပါ။ ဒါဟာ အိန္ဒိယရဲ့ လူဦးရေတိုးလာတာနဲ့လည်း ဆိုင်သလို အလယ်အလတ်တန်းစား လူတန်းစား လွှမ်းမိုးမှုအတွင်း ဘာသာရေး သက်ဝင်ယုံကြည်မှုပါ လိုက်တိုးလာတဲ့ သက်သေလို့  မီဒီယာတွေက သုံးသပ်ကြပါတယ်။
6 years Ago
Up