မလေးနှင့်မြန်မာပွဲစဉ်တွင်

August 20, 2017

မလေးနှင့်မြန်မာပွဲစဉ်တွင် မြန်မာဘောလုံးပရိသတ်များ၏ လုံခြုံရေး မလေးရှား အာမခံ

သြဂုတ် ၂၁ ရက်နေ့ ယှဉ်ပြိုင်ကစားမယ့် မြန်မာ-မလေးရှားပွဲစဉ်မှာ မြန်မာအသင်းနဲ့ မြန်မာဘောလုံးပရိသတ်တွေ လုံခြုံရေးအတွက် အာမခံကြောင်းနဲ့ အထူးကြပ်မတ်ပေးသွားမယ်လို့ မလေးရှားဘောလုံးအဖွဲ့ချုပ်က ပြောကြားလိုက်ကြောင်း မြန်မာဘောလုံးအဖွဲ့ချုပ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ၂၉ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပွဲတော်(ဆီးဂိမ်းစ်) အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်တပွဲ ဖြစ်တဲ့ မလေးရှားနှင့်မြန်မာပွဲစဉ်မှာ ပရိသတ်တွေ အဆင်ပြေချောမွေ့မှု ရှိစေရေး၊ လုံခြုံမှု ရှိစေရေးအတွက် အိမ်ရှင်မလေးရှား ဆီးဂိမ်းစ် ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေနဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် အခုလို ကတိပြုလိုက်တာပါ။ ဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံ လူငယ်နှင့်အားကစား ၀န်ကြီးဌာန အထွေထွေအတွင်းရေးမှူး Dato' Lokman Hakim Ali၊ မလေးရှား ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး Dato' Hj Hamidin Hj Mohd Amin၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်းနဲ့ လုံခြုံရေး၊ လက်မှတ်ရောင်းချရေး၊ ပြိုင်ပွဲကျင်းပရေး တာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာအသင်းနဲ့ မြန်မာပရိသတ်တွေရဲ့ လုံခြုံရေးအတွက် အထူးဂရုစိုက် ဆောင်ရွက်ပေးဖို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ တောင်းဆိုချက်ကို မလေးရှား ဘောလုံး အဖွဲ့ချုပ်နဲ့ ပြိုင်ပွဲကျင်းပရေး MASOC တို့က လေးလေးနက်နက် အာမခံပါကြောင်း၊ အထူးဂရုစိုက်ကြပ်မတ် ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။ သြဂုတ် ၂၁ ရက်နေ့ည ကစားမယ့်ပွဲစဉ်အတွက် လက်မှတ်တွေကို Online နဲ့ ရှာအလန်းကွင်း ဂိတ်(A) ရှိ လက်မှတ်အရောင်း ကောင်တာတွေမှာ ၀ယ်ယူနိုင်ပြီး ဒီနေ့ နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ၊ မနက်ဖြန် မနက် ၁၀ နာရီကစတင်ပြီး ပွဲမတိုင်မီအထိ ကွင်းတွင်း ဖွင့်လှစ်ရောင်းချ ပေးမည်မယ်လို့ သိရပါတယ်။ အဆိုပါ ပွဲစဉ်အတွက် အိမ်ရှင်နိုင်ငံအနေနဲ့ မြန်မာပရိသတ်တွေကို ဂိတ်(A) က ၀င်ရောက်စေမှာ ဖြစ်ပြီး ညနေ ၅ နာရီက စတင်ပြီး ဂိတ်ပေါက်ဖွင့်ထားပေးမယ်လို့ သိရပါတယ်။
4 years Ago
Up