မလေးအမျိုးသား

July 2, 2018

မလေးအမျိုးသားက ၁၁ နှစ်အရွယ် ထိုင်းအမျိုးသမီးငယ်ကို တတိယဇနီးအဖြစ် သိမ်းပိုက်

အသက် ၄၁ နှစ်အရွယ် ကလေး ၆ ယောက်ရဲ့ ဖခင် မလေးရှားအမျိုသားတဦးက သူ့ထက် အသက် ၃ဝ နီးပါး ငယ်တဲ့ အသက် ၁၁ နှစ်အရွယ် ထိုင်းအမျိုးသမီးငယ်တဦးကို တတိယဇနီးအဖြစ် သိမ်းပိုက်ခဲ့တယ်လို့ Pattayaone သတင်းမှာဖော်ပြပါတယ်။ ဒီအမျိုးသားဟာ သူနေထိုင်ရာ ကီလန်တန်ဒေသ ဂွာမူဆန်းကျေးရွာမှာ သူ့ကိုယ့်သူ ဘာသာရေး ခေါင်းဆောင်အဖြစ် ကြေညာထားသူဖြစ်ပြီး သူ့မှာလည်း အသက် ငါးနှစ်ကနေ ၁၈ နှစ်အတွင်းမှာရှိတဲ့ ကလေးတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒီအမျိုးသားဟာ ပြီးခဲ့တဲ့ သီတင်းပတ်နှစ်ပတ်လောက်က ထိုင်းနိုင်ငံတောင်ပိုင်း နာရာသီဝပ် ပြည်နယ်မှာရှိတဲ့ ဂိုလော့လို့ခေါ်တဲ့ နယ်စပ်မြို့ကို ရောက်ရှိလာခဲ့ပြီး အမျိုးသမီးငယ်လေးကို လက်ထပ်ဖို့ လာရောက်ခေါ်ဆောင်ခဲ့ပါတယ်။ တတိယဇနီးအဖြစ် လက်ထပ်ခံရတဲ့ အမျိုးသမီးငယ်ဟာ တကြိမ်တခါမှ ကျောင်းနေခဲ့ဖူးခြင်း မရှိပါဘူး။ ဒါ့အပြင် သူမဟာ အမျိုးသားရဲ့ ကလေးတွေထဲက တဦးရဲ့ သူငယ်ချင်းလည်း ဖြစ်ပါတယ်။ ဒီအမျိုးသမီးငယ်ရဲ့မိဘတွေဟာ ရာဘာစိုက်တောင်သူတွေဖြစ်ပြီး သူတို့ဟာ အမျိုးသားရဲ့လက်အောက်မှာ အလုပ်လုပ်နေသူတွေလို့လည်း ယူဆရပါတယ်။ သတင်းတွေအရ အမျိုးသမီးငယ်ရဲ့ မိဘတွေဟာလည်း အမျိုးသမီးငယ်လေး အသက် ၁၆ နှစ်ပြည့်ချိန်မှ အမျိုးသားနဲ့ အတူနေရမယ်ဆိုတဲ့ သဘောတူညီချက်နဲ့ ဒီလက်ထပ်မှုကို သဘောတူညီခဲ့တယ်လို့ သိရပါတယ်။ ဒီကိစ္စဟာ အမျိုးသားရဲ့ အသက် ၃၄ နှစ်အရွယ် ဒုတိယ ဇနီးက လူမှုကွန်ရက်ပေါ်တင်ချိန်မှာ လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စတခုဖြစ်ခဲ့တာပါ။ ဒီအမျိုးသမီးက သူ့ခင်ပွန်းနဲ့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးတို့ လက်ထပ်ပွဲကို ဂုဏ်ယူပါတယ်လို့ စာရေးသားကာ ဓာတ်ပုံတွေ တင်ခဲ့တာဖြစ်ပြီး အမျိုးသားက သူ့ရဲ့ ပထမဇနီးနှစ်ယောက်ကို အဆက်အသွယ်ဖြတ်ခဲ့လို့ ဒီလိုတင်ခဲ့တာလို့လည်း ယူဆရပါတယ်။ အမျိုးသားက ဒီသတင်းတွေကို အစောပိုင်းတုန်းက ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှသာ ဝန်ခံခဲ့တာဖြစ်ပါတယ်။ သတင်းမှာ ဖော်ပြချက်အရ ဒီအမျိုးသားဟာ သူ့ရဲ့တတိယဇနီးနဲ့ ပြီးခဲ့တဲ့ မတ်လကတည်းက စတင် အဆက်အသွယ်ရှိခဲ့တာဖြစ်ပြီး တတိယအကြိမ်အိမ်ထောင်ပြုမှုကိုလက်မခံနိုင်ပါက ကွာရှင်းကြရန် သူ့ ဇနီးနှစ်ဦးကို ပြောဆိုထားတယ်လို့လည်း သိရပါတယ်။ သူ့အမျိုးသားက တတိယ ဇနီးထားရှိမှာကို ကြိုသိပေမယ့် အခုလို ငယ်ရွယ်လွန်းသူကို ရွေးချယ်လိမ့်မယ်လို့ မထင်ခဲ့မိကြောင်းလည်း ဒုတိယဇနီးသည်ကပြောပါတယ်။
3 years Ago
Up