မလေးဝန်ကြီးချုပ်ဟောင်း

July 5, 2019

မလေးဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ မယားပါသားကို ငွေကြေးခဝါချမှုဖြင့် စွဲချက်တင်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဘက်ကပါလာတဲ့သား ရစ်ဇာ အဇစ်ကို ဇူလိုင် ၅ ရက်နေ့က ငွေကြေးခဝါချမှုနဲ့ စွဲချက်တင်လိုက်ပါတယ်။ ရစ်ဇာ အဇစ်ဟာ အော်စကာဆန်ကာတင် "The Wolf of Wall Street" ရုပ်ရှင် ထုတ်လုပ်သူတယောက်ဖြစ်ပြီး သူဟာ 1MDB လို့ခေါ်တဲ့ မလေးရှားနိုင်ငံ ဖွံ့ဖြိုးရေးရန်ပုံငွေနဲ့ ဆက်စပ်နေတဲ့ အမေရိကန်ဒေါ်လာ ၂၄၈ သန်းကို မလျော်မကန် သုံးခဲ့တယ်ဆိုပြီး စွပ်စွဲခံရပါတယ်။ ရစ်ဇာဟာ ငွေကြေးခဝါချမှု ၅ မှုနဲ့ စွဲချက်တင်ခံရပြီး အမေရိကန်အစိုးရ ရှေ့နေတွေက သူပူးတွဲတည်ထောင်တဲ့ Red Granite ရုပ်ရှင်ထုတ်လုပ်ရေးဟာ 1MDB ကနေ ခိုးလာတယ်လို့ သံသယရှိတဲ့ ရန်ပုံငွေကို သုံးပြီး ရုပ်ရှင် ၃ ကား ထုတ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ ရစ်ဇာကတော့ သူ့အပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးမှာ အပြစ်မရှိဘူးလို့ လျှောက်လဲခဲ့ပါတယ်။ အဲဒီစွဲချက်တခုစီရဲ့ ငွေဒဏ်ဟာ မလေးရှားရင်းဂစ် ၅ သန်းအထိနဲ့ အများဆုံး ထောင်ဒဏ်ကတော့ ၅ နှစ်ဖြစ်ပြီး ပြစ်ဒဏ်နှ်စ်ခုစလုံး ကျခံရနိုင်ပါတယ်။ မလေးရှားတရားရုံးက ရစ်ဇာကို ရင်းဂစ်တသန်းနဲ့ အာမခံခွင့်ပြုခဲ့ပြီး သူ့ရဲ့ နိုင်ငံကူးလက်မှတ်တွေ ပေးအပ်ဖို့ ညွှန်ကြားခဲ့ပါတယ်။
2 years Ago

June 6, 2018

မလေးဝန်ကြီးချုပ်ဟောင်း၏ဇနီး အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဌာနတွင် ဖြေရှင်းချက်ထုတ်ပြန်

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇက်ရဲ့ ဇနီးဖြစ်တဲ့ ရို့စ်မာမန်ဆာဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဌာနချုပ်မှာ အချိန် ၃ နာရီကျော်ကြာအောင် နေခဲ့ရပြီး အပြီးသတ် ဖြေရှင်းချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီဖြေရှင်းချက်ကို ဇွန်လ ၅ ရက်နေ့က အပြီးသတ် ပေးခဲ့ရတာဖြစ်ပြီး နိုင်ငံ့ ရန်ပုံငွေဟောင်းဖြစ်တဲ့ ဝမ်းမလေးရှားဖွံ့ဖြိုးရေး ဘာဟဒ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေအပေါ် ဖြေရှင်းချက်တင်ခဲ့ရတာ ဖြစ်ပါတယ်။ ရို့စ်မာဟာ ဌာနထဲမှာ အချိန် ၃ နာရီကျော်ကြာ နေခဲ့ရပြီး အာဏာပိုင်တွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သူ့ရှေ့နေက ပြောပါတယ်။ နာဂျစ်နဲ့ သူ့မိသားစုတွေနဲ့ ပတ်သက်နေတဲ့ တိုက်ခန်းတွေကို ဝင်စီးနင်းချိန်မှာ ရာနဲ့ချီတဲ့ တန်ဖိုးကြီး လက်ကိုင်အိတ်တွေနဲ့ လက်ဝတ်လက်စားတွေ၊ ငွေသားတွေကို ရဲတွေက ရှာတွေ့အပြီး ရို့စ်မာကို လူတွေ အာရုံစိုက်လာခဲ့ကြတာ ဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆ သန်းနဲ့ ညီမျှတဲ့ မလေးရှားရင်းဂစ်ငွေ ၁၁၄ သန်းနဲ့ လက်ကိုင်အိတ် ၄၀၀ ကျော်ကို သက်ဆိုင်ရာက သိမ်းဆည်းခဲ့တာပါ။ လက်ဝတ်ရတနာတွေ၊ လက်ပတ်နာရီတွေနဲ့ တခြား သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေရဲ့ တန်ဖိုးကိုတော့ ပညာရှင်တွေက တန်ဖိုးဖြတ်နေကြဆဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ကတော့ သူ အမှားမလုပ်ထားဘူးလို့ ငြင်းဆိုရင်း သူ့ရဲ့ ဘဏ်အကောင့်ထဲကို အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း သံသယဖြစ်ဖွယ် လွှဲပြောင်းခဲ့မှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့လက ဌာနကို ကြေညာချက် တင်ပြခဲ့ရတာပါ။ သတင်းမီဒီယာတွေမှာတော့ ဒီငွေပမာဏဟာ နိုင်ငံရန်ပုံငွေဟောင်းဖြစ်တဲ့ ဝမ်းမလေးရှားဖွံ့ဖြိုးရေးရန်ပုံငွေထဲကနေ ဒေါ်လာဘီလျံချီ လွှဲထုတ်သွားတဲ့ ငွေထဲက အစိတ်အပိုင်းတခုဖြစ်တယ်လို့ ဖော်ပြနေကြတာ ဖြစ်ပါတယ်။
3 years Ago
More News
Up