မလေးရှား ယာဉ်တိမ်းမှောက်မှု

December 25, 2016

မလေးရှား ယာဉ်တိမ်းမှောက်မှု ၁၄ ဦးသေဆုံး၊ မြန်မာ ၂ ဦးအပါအဝင် ၁၆ ဦး ဒဏ်ရာရ

မလေးရှားနိုင်ငံ ဂျိုဟိုဘာရူမြို့ကနေ ကွာလမ်လမ်ပူကို သွားတဲ့ ခရီးသည်တင် ဘတ်စ်ကားတစီးဟာ တောင်စောင်းတခုမှာ အရှိန်မထိန်းနိုင်ဘဲ ထိုးကျသွားလို့ ၁၄ ဦး သေဆုံးပြီး မြန်မာ ၂ ဦးအပါအ၀င် ၁၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ခရစ္စမတ်ပွဲတော်ရက် ဒီဇင်ဘာ ၂၄ ရက်နေ့ မနက် ၄ နာရီလောက်က မလေးရှားနိုင်ငံ ပဂိုမြို့နားက ၆ ဒသမ ၀၉ မီတာရှိတဲ့ တောင်စောင်းတစ်ခုမှာ ခရီးသည်တင်ဘတ်စ်ကားက အရှိန်မထိန်းနိုင်ပဲ တိုက်မိထိုးကျသွားတာကြောင့် သေဆုံး ဒဏ်ရာရရှိခဲ့ကြတာလို့ နေရှင်းသတင်းမှာ ဖော်ပြပါတယ်။ မနက် ၄ နာရီဝန်းကျင်လောက်မှာ ကားတိုက်မှုနဲ့ပတ်သက်ပြီး ဖုန်းခေါ်ဆိုမှုရလို့ မူရာ၊ ဘူကစ်နဲ့ အပါအဝင် မီးသတ်ဌာန ၃ ခုက မီးသတ်သမား ၂၅ ဦး အခင်းဖြစ်တဲ့နေရာကို သွားရောက်ကယ်ဆယ်ခဲ့တယ်လို့ ဂျိုဟိုမီးသတ်နဲ့ကယ်ဆယ်ရေးဌာနက လက်ထောက်ဒါရိုက်တာက ပြောခဲ့ပါတယ်။ စစ်ဆေးမှုတွေအရ လမ်းရဲ့မျက်နှာပြင် အခြေအနေက ကောင်းမွန်ပြီး ကားတိုက်မှုဖြစ်ချိန်မှာ မိုးလည်းရွာမနေဘူးလို့ လက်ထောက်ဒါရိုက်တာက ပြောပါတယ်။ သေဆုံးသူတွေဟာ ဘယ်နိုင်ငံသားတွေလဲဆိုတာတော့ သတင်းမှာ ဖော်ပြမထားဘဲ ဒဏ်ရာရရှိတဲ့သူ ၁၆ ဦးထဲမှာ မြန်မာ ၂ ဦး၊ စင်ကာပူလူမျိုး ၆ ဦး၊ မလေးရှားလူမျိုး ၈ ဦးတို့ ပါဝင်တယ်လို့ သတင်းက ဆိုပါတယ်။
5 years Ago
Up