မလေးရှားနှင့် စင်ကာပူ နှစ်နိုင်ငံ ဆက်သွယ်မည့် အမြန်ရထားစီမံကိန်း သဘောတူစာချုပ် ချုပ်ဆို

December 14, 2016

မလေးရှားနှင့် စင်ကာပူ နှစ်နိုင်ငံ ဆက်သွယ်မည့် အမြန်ရထားစီမံကိန်း သဘောတူစာချုပ် ချုပ်ဆို

မလေးရှားနဲ့ စင်ကာပူနိုင်ငံတို့ကို ဆက်သွယ်မယ့် အမြန်ရထားလမ်းစီမံကိန်းအတွက် သဘောတူစာချုပ်ကို ဒီဇင်ဘာ ၁၃ ရက်က မလေးရှားနိုင်ငံမှာ လက်မှတ်ရေးထိုးကြပါတယ်။ ဒီအမြန် ရထားလမ်းစီမံကိန်းအတွက် တင်ဒါစတင်ခေါ်ယူမယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့ကြတဲ့ နှစ်နိုင်ငံ ၀န်ကြီးချုပ်တွေက ပြောဆိုကြပါတယ်။ စီမံကိန်းကို လာမယ့်နှစ် နှစ်ကုန်ပိုင်းမှာ စတင်မှာဖြစ်ပြီး တင်ဒါတင်ဖို့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ဥရောပကုမ္ပဏီတွေက စိတ်ဝင်စားတယ်လို့ ပြောဆိုကြပါတယ်။ ဒီရထားလမ်းဟာ စင်ကာပူနဲ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တော်တို့ကို ဆက်သွယ်မှာဖြစ်ပြီး ၄ နာရီကြာမြင့်တဲ့ ကားလမ်းခရီးကို တနာရီခွဲအတွင်း ခရီးပေါက်နိုင်မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းအတွက် ငွေကြေးဘယ်လောက်ကုန်ကျမယ်ဆိုတာ အတိအကျ ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် စီးပွားရေးအရ အကျိုးများမယ့်စီမံကိန်းဖြစ်လို့ ဘဏ္ဍာရေးကိစ္စ ပြဿနာမရှိဘူးလို့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုပါတယ်။ စင်ကာပူဝန်ကြီးချုပ်ကလည်း ဒီစီမံကိန်းဟာ နှစ်နိုင်ငံဆက်ဆံရေး သမိုင်းမှတ်တိုင်တခု ဖြစ်လာမယ်လို့ ပြောဆိုပါတယ်။ ရထားလမ်းဟာ ကီလိုမီတာ ၃၅၀ ရှိပြီး တင်ဒါတွေအတည်ပြုပြီး တနှစ်အကြာ ၂၀၁၈ ခုနှစ်မှာ စီမံကိန်းစတင်ပါမယ်။ တရုတ်နိုင်ငံဟာ မလေးရှားနိုင်ငံရဲ့ စီမံကိန်းအတော်များများမှာ အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ရင်းနှးမြှုပ်နှံထားတဲ့အတွက် ဒီစီမံကိန်းကိုရဖို့ တရုတ်ကုမ္ပဏီတွေက ပိုအခွင့်အရေး ရနိုင်တယ်လို့ သတင်းတွေက ဆိုပါတယ်။
5 years Ago
Up