မလေးရှားနိုင်ငံသား ၉ ဦး မြောက်ကိုရီးယားမှ ထွက်ခွင့်ရပြီး မိခင်နိုင်ငံ ပြန်ရောက်

March 31, 2017

မလေးရှားနိုင်ငံသား ၉ ဦး မြောက်ကိုရီးယားမှ ထွက်ခွင့်ရပြီး မိခင်နိုင်ငံ ပြန်ရောက်

ကင်ဂျုံနမ် လုပ်ကြံခံရပြီးနောက်ပိုင်း မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ခွာခွင့်မရတဲ့ မလေးရှားနိုင်ငံသား ၉ ဦးဟာ မတ်လ ၃၁ ရက်နေ့က မလေးရှားကို ပြန်ရောက်လာခဲ့ကြပါပြီ။ အဲဒီ ၉ ဦးမှာ ၃ ဦးက သံရုံးဝန်ထမ်းတွေဖြစ်ပြီး ကျန် ၆ ဦးက သူတို့ရဲ့ မိသားစုဝင်တွေဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို မလေးရှား နိုင်ငံခြားရေးဝန်ကြီး အန်နီဖာ အေမင်က သွားရောက်ကြိုဆိုခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ လုပ်ကြံခံခဲ့ရတဲ့ ကင်ဂျုံနမ်ရဲ့ ရုပ်အလောင်းကို ဘေဂျင်းကနေ တဆင့် ပြုံယမ်းကို ပို့ပေးလိုက်တော့မှာ ဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ အခုလို မလေးရှားနိုင်ငံသား ၉ ဦးကို ပြန်လွှတ်ပေးဖို့အတွက် ကွာလာလမ်ပူရှိ မြောက်ကိုရီးယားသံရုံးမှာ ပိတ်မိနေတဲ့ ဝန်ထမ်း ၃ ဦးနဲ့ ကင်ဂျုံနမ်ရဲ့ ရုပ်အလောင်းကို ပြန်ပေးဖို့ အလဲအလှယ်လုပ်ခဲ့ရတယ်လို့ မလေးရှားသတင်းရင်းမြစ်တွေက ဆိုပါတယ်။ ကင်ဂျုံနမ် လုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး သံသယရှိသူ မြောက်ကိုရီးယား သံရုံးဝန်ထမ်း ၃ ဦးထဲက ၂ ဦးကတော့ မြောက်ကိုရီးယားကို ပြန်သွားခဲ့ကြပြီလို့ မလေးရှားမီဒီယာတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
5 years Ago
Up