မလေးရှားနိုင်ငံမှာ အငြင်းပွားစရာဖြစ်နေတဲ့ ၀န်ကြီးချုပ် နာဂျစ် ရာဇတ် အကြီးအကျယ် အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲမှုကြီးကို မလေးရှားအစိုးရ ရှေ့နေချုပ်က ဇန်န၀ါရီ ၂၆ ရက်နေ့က ပလပ်လိုက်ပါတယ်။
မလေးရှားပြည်သူတွေ စွပ်စွဲနေကြတဲ့ ၀န်ကြီးချုပ် ကိုယ်ပိုင်ဘဏ်အကောင့်ထဲက အမေရိကန်ဒေါ်လာ ၆၈၁ သန်းဟာ သူ အဂတိလိုက်စားထားတဲ့ငွေတွေ မဟုတ်ဘဲ ဆော်ဒီ တော်ဝင်မိသားစုဝင်တဦးက ၂၀၁၃ မတ်လကုန်ပိုင်းမှာ ပုဂ္ဂိုလ်ရေး ပေးအပ်ခဲ့တဲ့ငွေ ဖြစ်တယ်ဆိုပြီး အစိုးရရှေ့နေချုပ်က ဆိုပါတယ်။
မလေးရှား အတိုက်အခံတွေကတော့ အဲဒီ အမေရိကန်ဒေါ်လာ ၆၈၁ သန်းဟာ မလေးရှားအစိုးရ ဦးပိုင်ကုမ္ပဏီ ဘဏ္ဍာငွေတွေဖြစ်ပြီး ၀န်ကြီးချုပ် နုတ်ထွက်ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပြီး ၀န်ကြီးချုပ် နာဂျစ်ကတော့ အဲ့ဒီစွပ်စွဲမှုတွေကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပါတယ်။
အဲဒီကိစ္စကို စုံစမ်းနေတဲ့ အစိုးရ အဂတိလိုက်စားမှု စုံစမ်းရေး ကော်မရှင်ကလည်း အဲ့ဒီငွေတွေဟာ အစိုးရနဲ့ မသက်ဆိုင်ဘဲ ၀န်ကြီးချုပ်ကို ပြည်ပကနေ သီးသန့်လွှဲပေးတဲ့ငွေတွေ ဖြစ်တယ်လို့ အရင်က ပြောဆိုခဲ့ဖူးပါတယ်။
ဒီစုံစမ်းရေးကော်မရှင် အာဏာပိုင်တွေကိုယ်တိုင် ဒီငွေတွေကို ပေးအပ်ခဲ့သူ ကိုယ်တိုင်နဲ့ တွေ့ဆုံ အတည်ပြုချက် ရယူခဲ့ပြီးဖြစ်တယ်လို့ အစိုးရရှေ့နေချုပ်က ဆိုပါတယ်။
ဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ ရာဇ၀တ်ကြောင်းအရ ပြစ်မှုကျူးလွန်ထားတာ မရှိတဲ့အတွက် သူ့အပေါ် စွပ်စွဲထားတဲ့ တခြားပြစ်မှုဆိုင်ရာ အမှု ၃ မှုကိုလည်း ပလပ်လိုက်ပြီး ဘာမှဆက်လုပ်မှာ မဟုတ်တော့ဘူးလို့ မလေးရှားရှေ့နေချုပ်က ပြောဆိုခဲ့ပါတယ်။
7 years Ago