မလေးရှားပြော

March 15, 2017

ကင်ဂျုံနမ်သားဖြစ်သူ ဒီအန်အေစစ်ချက်နမူနာ ရရှိထားပြီဟု မလေးရှားပြော

မလေးရှားနိုင်ငံ လေဆိပ်ထဲမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ကင်ဂျုံနမ်ရဲ့ အလောင်းကို အတည်ပြုစစ်ချက်ယူနိုင်ဖို့ သူ့ရဲ့ သားဖြစ်သူဆီက ဒီအန်အေနမူနာကို ရရှိထားပြီလို့ မလေးရှားဒုတိယ ၀န်ကြီးချုပ်က ပြောပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဖအေတူမအေကွဲအစ်ကို တော်စပ်သူ ကင်ဂျုံနမ်ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အမျိုးသမီး ၂ ဦးက ပြင်းအားမြင့် ဗီအက်ခ်စ်(VX)ဓာတုအဆိပ်အသုံးပြုကာ တိုက်ခိုက်လုပ်ကြံခံခဲ့ရပြီး သေဆုံးခဲ့ရတာပါ။ ကင်ဂျုံနမ်ဟာ သေဆုံးချိန်မှာ ကင်ချယ်လ်အမည်နဲ့ နိုင်ငံကူးလက်မှတ်ကို ကိုင် ဆောင်ထားတာမို့ မြောက်ကိုရီးယားဘက်ကတော့ ဒါကိုအတည်ပြုခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မလေးရှား-မြောက်ကိုရီးယား ၂ နိုင်ငံကြား ဆက် ဆံရေးတင်းမာနေခဲ့ပြီး မလေးရှားနိုင်ငံကတော့ အလောင်းကို အတည်ပြုနိုင်တဲ့အထိ စုံ စမ်းဖော်ထုတ်ဖို့ ကြိုးစားနေခဲ့တာပါ။ ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ မလေးရှားနိုင်ငံ ဒုတိယ ၀န်ကြီး ချုပ် အာမက်ဒ် ဇာဟစ်ဒ် ဟမ်မဒီက “သေဆုံးသူဟာ ကင်ဂျုံနမ်ဖြစ်တယ်ဆိုတာကို ကျနော်ထပ်ပြီး အတည်ပြုလိုက်ပါတယ်။ ဒါဟာ သူ့ရဲ့ သားဆီက ဒီအန်အေမျိုးဗီဇစစ်ဆေး ချက်ကို အခြေခံထားတာပါ”လို့ သတင်းထောက်တွေကို ပြောခဲ့တာပါ။
4 years Ago

February 26, 2017

လေဆိပ်ဂိတ်များ အဆိပ်ကင်းစင် လုံခြုံစိတ်ချရဟု မလေးရှားပြော

မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ဖအေတူမအေကွဲ အစ်ကို အာရုံကြောတွေ ထိခိုက်စေတဲ့ အဆိပ်နဲ့  လုပ်ကြံသတ်ခံခဲ့ရတဲ့ လေဆိပ်ဂိတ်တွေမှာ ဘယ်လိုမှ “အန္တရာယ်ရှိစေတဲ့ အရာဝတ္ထုပစ္စည်းတွေ” ရှိမနေဘူးလို့ မလေးရှားရဲက ပြောလိုက်ကြောင်း ဘီဘီစီရဲ့ ဖေဖော်ဝါရီ ၂၆ ရက်နေ့ သတင်းမှာ ဖော်ပြထားပါတယ်။ လုံခြုံရေးအဖွဲ့တွေက အဲဒီအခင်းဖြစ်တဲ့ နေရာကို အစောပိုင်းကတည်းက ရှင်းလင်းထားပြီးသားလို့ သိရပါတယ်။ ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုတွေအရ ကင်ဂျုံနမ်ကို သေစေခဲ့တဲ့ အဆိပ်ဟာ “အင်မတန်ပြင်းထန်တဲ့ အကြောဆိုင်း သွက်ချာပါဒရောဂါမျိုးကို ဖြစ်စေတယ်” လို့ မလေးရှားကျန်းမာရေး ဝန်ကြီးက ပြောလိုက်ပါတယ်။ စမ်းသပ်မှုအရ မစ္စတာကင်မ်ဟာ အကြောတွေကို ပျက်စီးစေတဲ့ ပြင်းထန်တဲ့ VX အဆိပ်နဲ့ သတ်ခံခဲ့ရတာပါ။ သတ်ခံရမှုနဲ့ စပ်လျဉ်းပြီး ဖမ်းဆီးခံထားရတဲ့ အင်ဒိုနီးရှားသူ စီတီအိုက်ရှာကလည်း သူမကို ဟာသကားသရုပ်ဆောင်ဖို့ ဒေါ်လာ ၉၀ နဲ့ညီတဲ့ မလေးရှားရင်းဂစ် ၄၀၀ ပေးပြီး ခိုင်းစေခဲ့တာလို့ ဆိုပါတယ်။ ဒီ VX အဆိပ်မျိုးဟာ အကြီးအကျယ် ပျက်စီးဆုံးရှုံးစေတဲ့ လက်နက်တမျိုးလည်း ဖြစ်တယ်လို့ ကုလသမဂ္ဂက ပြောလိုက်ပြီး အရေပြားပေါ်ကို တစက်ကလေး ကျရင်တောင် မိနစ်ပိုင်းအချိန်အတွင်း သေဆုံးနိုင်တယ်လို့ သိရပါတယ်။ မစ္စတာကင်မ်ဟာ လွန်ခဲ့တဲ့ ၂ ပတ်က နိုင်ငံတကာ ကွာလမ်လမ်ပူလေဆိပ်ရဲ့ KLIA2 လို့ လူသိများတဲ့ လေဆိပ်ဂိတ်မှာ လုပ်ကြံခံရတာဖြစ်ပြီး လေဆိပ်မှာ အဆိပ်ဓာတုပစ္စည်းတွေ ကင်းရှင်းဖို့အတွက် အထူးရဲအဖွဲ့တွေနဲ့ မှုခင်းဆေးပညာ ကျွမ်းကျင်သူအဖွဲ့တွေက အဆိပ်ကင်းစင်ရေးတွေအတွက် ရှင်းလင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။ “ဒီလိုအဆိပ်ရှင်းလင်းမှု စိစစ်ရေး လုပ်ငန်းစဉ်ကနေ နံပါတ် ၁ လေဆိပ်ဂိတ် KLIA2 မှာ ဘာအန္တရာယ်ရှိတဲ့ ပစ္စည်းမှ မတွေ့ရှိဘူး၊ နံပါတ် ၂ KLIA2 လေဆိပ်ဂိတ်မှာ အန္တရာယ်ရှိတဲ့ ဘယ်လို အဆိပ်သင့်မှုမျိုးမှ မရှိဘူး၊ နံပါတ် ၃ KLIA2 လေဆိပ်ဂိတ်က လုံခြုံစိတ်ချရတဲ့ နေရာတခုဖြစ်တယ်ဆိုတာကို သေချာစေတဲ့ ရလဒ်တွေ ရရှိခဲ့တယ်” လို့ စုံစမ်းရေး ရဲအရာရှိ အက်ဘ်ဒူလ်စမက်မတ်က ပြောလိုက်ပါတယ်။
4 years Ago
Up