မလေးရှားဘောလုံးပွဲအပြီး မြန်မာပရိသတ်အချို့ တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိ

August 22, 2017

မလေးရှားဘောလုံးပွဲအပြီး မြန်မာပရိသတ်အချို့ တိုက်ခိုက်ခံရ၍ ဒဏ်ရာရရှိ

မလေးရှားနိုင်ငံမှာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဆီးဂိမ်းအားကစားပြိုင်ပွဲ မြန်မာအသင်းနဲ့ အိမ်ရှင် မလေးရှားအသင်းတို့ရဲ့ ဘောလုံးပွဲစဉ်အပြီးမှာ မြန်မာပွဲကြည့်ပရိသတ်တွေ တိုက်ခိုက်ခံရလို့ ဒဏ်ရာရရှိသွားပါတယ်။ မနေ့ည ၁၁ နာရီခွဲအချိန် ပွဲအပြီး မြန်မာပရိသတ်တွေကို လာကြိုတဲ့ကားက ပါကင်နေရာ မှားထိုးမိတာကြောင့် မြန်မာပရိသတ်တွေကလည်း သူတို့ကိုလာကြိုမယ့် ကားကိုရော လူစုကွဲနေတဲ့ အပေါင်းအသင်းတွေပါ လိုက်ရှာပြီး ရုတ်ရုတ်သဲသဲ ဖြစ်နေချိန်မှာ တုတ်နဲ့ရိုက်ခံရ၊ ကားကို ခဲတွေနဲ့ ပစ်ပေါက်ခံရတာလို့ မြန်မာပရိသတ်တွေကို အကူအညီပေးနေတဲ့ နှလုံးလှပရဟိတအဖွဲ့ ဥက္ကဋ္ဌ ဦးကိုသက်က ဒီဗွီဘီကို ပြောပါတယ်။ “ပွဲပြီးလို့ အိမ်ပြန်တဲ့အချိန်မှာ ဘတ်စ်ကားတွေ ဟိုကွဲဒီကွဲ၊ တချို့လည်း ကိုယ်စီးလာတဲ့ကား ကိုယ်မမှတ်မိ၊ အဲဒီလို ရုတ်ရုတ်ရုတ်ရုတ်ဖြစ်နေတော့ မလေးတွေက တချို့မကောင်းတဲ့လူတွေက ဝင်ရိုက်တာပေါ့။ ဒုစရိုက်သမားတွေလည်း ရှိမှာပေါ့။ ခြေထောက်တွေ တက်နင်းတယ်။ ခေါင်းတွေ တက်နင်းတယ်။ ဖုန်းလုတာ၊ ပိုက်ဆံအိတ်နှိုက်တာတွေလည်း ရှိတယ်။ အဲလို အရိုက်ခံရ၊ အလုခံရတဲ့ ဖြစ်စဉ်ပေါင်း ၇ ခုရှိတယ်။ ပထမ ကလန်းဘန်းတိန်းဘက်မှာ မြန်မာ ၄ ယောက် ကားရှာနေရင်း မလေးတွေက မင်းစိုးဆိုတဲ့ ကောင်လေးတယောက်ကို ဝိုင်းရိုက်တယ်။ သူ့မှာ မေးရိုးတွေပြုတ်တယ်။ သွားပါကျိုးတယ်။” တိုက်ခိုက်ခံရတာကြောင့် မြန်မာပရိသတ် အနည်းဆုံး ၁၁ ဦး ဒဏ်ရာရကာ တဦးမှာ ဒဏ်ရာပြင်းထန်လို့ အရေးပေါ်ခွဲစိတ်ခန်း ဝင်ခဲ့ရတယ်လို့လည်း ပြောပါတယ်။ “ရှာအလမ်းဆေးရုံကြီးမှာ ခွဲစိတ်ခန်းဝင်ထားရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး။ နောက်တယောက်က မောင်မျိုးမင်း၊ သူလည်း ခြေထောက်မှာရော၊ လက်မှာရော၊ ခေါင်းမှာရော အရိုက်ခံရတာ ဒဏ်ရာတွေ ပွနေတာပဲ။ ဒါပေမယ့် အပေါ်ယံဒဏ်ရာဆိုတော့ ဆေးရုံက ဆေးထိုး၊ ဆေးလိမ်း၊ သောက်ဆေးတွေပေးပြီး အိမ်ပြန်ခိုင်းလိုက်တယ်။” အလားတူ ပူချွန်းမြို့ဘက်ပြန်မယ့် မြန်မာလူငယ်တဦး၊ မာဘာကာရပ်ဘက်ပြန်မယ့်သူ ၄ ဦး၊ ဘလက်ကောင်းမြို့ကလာသူ ၃ ဦး ကိုယ်ထိလက်ရောက် တိုက်ခိုက်ခံရပြီး မဲတူးအရပ်ဘက်ပြန်မယ့် ကားလည်း ခဲတွေနဲ့ဝိုင်းပေါက်တာ ခံခဲ့ရတယ်လို့ သိရပါတယ်။ အခင်းဖြစ်ပွားခဲ့တဲ့နေရာကို မလေးရှားတာဝန်ရှိသူတွေ ရောက်လာပြီး အိမ်ပြန်မယ့် မြန်မာတွေ စီးနင်းမယ့်ကားကို လုံခြုံရေးယူ လိုက်ပို့ပေးခဲ့ရသလို နှလုံးလှပရဟိတအဖွဲ့လည်း  အိမ်ပြန်ဖို့ အခက်အခဲရှိသူ ၄၀ ကျော်ကို ခေါ်ဆောင်လာခဲ့ရပါတယ်။ မနေ့က ဘောလုံးပွဲစဉ်မှာ မလေးရှားက မြန်မာအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတာကြောင့် ပွဲစဉ်အပေါ် မကျေနပ်စရာလည်း မရှိကြောင်းနဲ့ အခုလို တိုက်ခိုက်ခံရတဲ့အပေါ် ဘာကြောင့်လဲဆိုတာ ခန့်မှန်းလို့မရဘူးလို့ ဦးကိုသက်က ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မလေးရှားနိုင်ငံဆိုင်ရာ ကွာလာလမ်ပူအခြေစိုက် မြန်မာသံရုံးကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိသေးပါဘူး။ ဓာတ်ပုံ-Lovely Heart
4 years Ago
Up