မလေးရှားအမျိုးသား

July 4, 2018

၄၁ နှစ်အရွယ် မလေးရှားအမျိုးသား ၁၁ နှစ်သမီးနှင့် လက်ထပ်မှုအပေါ် ဝေဖန်မှုမြင့်တက်

အသက် ၁၁ နှစ်အရွယ် ထိုင်းမိန်းကလေးတဦးနဲ့ အသက် ၄၁ နှစ်အရွယ် မလေးရှားအမျိုးသားတဦးတို့ ထိမ်းမြားလက်ထပ်ခဲ့မှုအပေါ် လှုပ်ရှားတက်ကြွသူတွေက “ကလေးသူငယ်သားကောင်” တွေလို ဖြစ်လာပြီလို့ ဝေဖန်နေကြပါတယ်။ မွတ်စလင်ဘာသာဝင်တွေ အများစုရှိတဲ့ မလေးရှားနိုင်ငံမှာတော့ ဘာသာရေးဆိုင်ရာ တရားရုံးက ခွင့်ပြုချက်ပေးတယ်ဆိုရင် အသက် ၁၆ နှစ်အောက်ကို လက်ထပ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နိုင်ငံရဲ့ အမျိုးသမီးနဲ့ မိသားစုရေးရာ ဝန်ကြီးဌာနကတော့ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ ဒီလက်ထပ်ပွဲကို သက်ဆိုင်ရာ ဘာသာရေးဆိုင်ရာ အာဏာပိုင်တွေက ခွင့်ပြုခဲ့တယ်ဆိုတဲ့ အထောက်အထား မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဒုတိယဝန်ကြီးချုပ် ဝမ်အဇီဇာဝမ်အစ္စမေးလ်ကတော့ “ကျမတို့ တာဝန်ရှိသူတွေဟာ မိန်းကလေးရဲ့အိမ်ကို သွားပြီး သူ့အမေနဲ့ တွေ့ခဲ့တယ်။ နောက်ထပ် တခုခုဆုံးဖြတ်မှု မလုပ်ခင်မှာ တိကျတဲ့ အစီရင်ခံစာတွေ ကျမတို့ စောင့်နေပါတယ်” လို့ ပြောပါတယ်။ တကယ်လို့များ အဲဒီအမျိုးသားဟာ ခွင့်ပြုချက်မရှိဘဲ လက်ထပ်ခဲ့တယ်ဆိုရင်တော့ ထောင်ဒဏ် ၆ လထိ ကျခံရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မလေးရှား လှုပ်ရှားတက်ကြွသူတွေကတော့ မွတ်စလင်အသိုင်းအဝိုင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတဲ့ ကလေးသူငယ် လက်ထပ်ထိမ်းမြားမှုတွေနဲ့ ပတ်သက်ပြီး ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပြောဆိုနေကြတာပါ။ တရားရုံးရှေ့နေတွေကတော့ မလေးရှားနိုင်ငံမှာရှိတဲ့ အသက် ၁၅ နှစ်အောက် မိန်းကလေး ၁၆၀၀၀ လောက်ဟာ လက်ထပ်ပြီးကြပြီလို့ ဆိုပါတယ်။ “အသက် ၁၁ နှစ်အရွယ် မိန်းကလေးကို လက်ထပ်တယ်ဆိုတာ ကလေးငယ်တွေအပေါ် မဆီလျော်တဲ့ ကာမစိတ်ယိမ်းယိုင်တဲ့ အပြုအမူမျိုးပဲ” လို့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူ ဆိုင်ယက်ဒ်အက်ဇ်မီအယ်လ်ဟက်ဘ်ရှီက ပြောပါတယ်။ အဲဒီအမျိုးသားဟာ အမျိုးသမီး ၂ ဦးနဲ့ လက်ထပ်ခဲ့ပြီးဖြစ်ကာ ခုလို ရာဘာစိုက်တောင်သူ မိဘတွေရဲ့ ကလေးဖြစ်တဲ့ မိန်းကလေးနဲ့ လက်ထပ်တာဟာ လူကုန်ကူးမှု ပုံစံတမျိုးဖြစ်တယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ မွတ်စလင်အမျိုးသားတွေဟာ ဇနီးမယား ၄ ယောက်အထိ ယူနိုင်ခွင့် ရှိနေတာပါ။ ကုလသမဂ္ဂ ကလေးသူငယ်ဆိုင်ရာ အဖွဲ့အစည်းတခုဖြစ်တဲ့ ယူနီဆက်ဖ်က မလေးရှားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မာရီယန်ကလာ့ခ်ဟက်တင်ဂ်ျကတော့ “ဒါဟာ ထိတ်လန့်ဖို့ကောင်းပြီး ဘယ်လိုမှ လက်ခံနိုင်စရာပါပဲ။ ယူနီဆက်ဖ်အနေနဲ့ အစိုးရကို ခုလို ကလေးသူငယ် ထိမ်းမြားလက်ထပ်မှုတွေကို တားဆီးအရေးယူနိုင်ဖို့ အရေးဆိုသွားမယ်” လို့ ပြောပါတယ်။
3 years Ago
Up