မလေးရှားသွားမည့် မြန်မာ ၇ ဦးကို ထိုင်းတွင်ဖမ်းမိ

June 20, 2019

မလေးရှားသွားမည့် မြန်မာ ၃၅ ဦး ထိုင်းတောင်ပိုင်းတွင် အဖမ်းခံရ

ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာပြီး မလေးရှားနိုင်ငံကို ဆက်သွားမယ့် မြန်မာ ၃၅ ဦး ယမန်နေ့ညက ဖမ်းဆီးခံလိုက်ရပါတယ်။ ထိုင်းတောင်ပိုင်း၊ ဆုန်ခလာခရိုင်၊ ဆဒေါင်းမြို့နယ်၊ ခလောင့်ငဲ့ဈေးကြီး အနောက်ဘက်ရှိ ဆီအုန်းခြံထဲမှာ တရားမ၀င်သူတွေ ၀င်ရောက်ပုန်းအောင်းနေကြောင်း သတင်း ရရှိတဲ့အတွက်  ခရိုင်လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးအဖွဲ့နဲ့ လ၀ကရဲတွေဟာ မနေ့ည ၈ နာ ရီလောက်က အဆိုပါ ခြံထဲကို သွားရောက်စစ်ဆေးဖမ်းဆီးခဲ့တာပါ။ ခြံထဲမှာ မြန်မာအမျိုးသား ၂၁ ဦး နဲ့ အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၃၅ ဦးတို့ကို ခရီးသွားအိတ်တွေနဲ့ အတူတွေ့ရှိခဲ့ပြီး မလေးရှားနိုင်ငံကို ဆက်သွားဖို့အတွက် ပွဲစားက လာရောက် စောင့်ဆိုင်းထားခိုင်းတာဖြစ်ကြောင်း၊ သူတို့ဟာ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာတာ ဖြစ်တဲ့ အတွက် ဥပဒေအရ အရေးယူဖို့ ဖမ်းဆီးလိုက်ကြောင်း တာဝန်ရှိသူက သတင်းထောက် တွေကို ပြောပါတယ်။ ဒါအပြင် သူတို့ကို လမ်းပြအဖြစ်တာဝန်ယူထားတဲ့  မြန်မာ ၁ ဦးကိုလည်း ဖမ်းဆီး လိုက်တယ်လို့ သိရပါတယ်။ အလားတူ ရတ်တဖုန်း၊ ပတ်နမ့်နဲ့ ဟတ်ယိုင် မြို့နယ်တွေဘက်မှာလည်း မလေးရှားသွားဖို့ တရားမ၀င် ၀င်ရောက်လာတဲ့ မြန်မာတွေ ရှိသေးတယ်လို့ စစ်ဆေးသိရှိရတဲ့အတွက် သူတို့ကိုပါ ဖမ်းဆီးအရေးယူနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။ ထိုင်းနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်လာတဲ့ နိုင်ငံခြားအလုပ်သမားတွေကို ဆက်တိုက် စစ်ဆေးဖမ်းဆီးနေတာမှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့မှ ၂၀၁၉ ခုနှစ် ဇွန်လ ၁၈ ရက်အထိ တရားမ၀င်အလုပ်သမားပေါင်း ၆၆၄၇ ဦးကို ဖမ်းဆီးခဲ့ပြီး ၆၅၂၉ ဦးကို ၄င်းတို့ နေရင်းနိုင်ငံ ပြန်လည်ပို့ဆောင်ခဲ့ပြီးဖြစ်ကြောင်း ထိုင်းအလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူး က ပြောပါတယ်။ ဒါ့အပြင် ခွင့်ပြုချက်မရှိတဲ့လုပ်ငန်း ဥပမာ လုံခြုံရေးဝန်ထမ်း (အစောင့်)၊ ဆိုင်ကယ် အငှားမောင်းသမား၊ ထိုင်းရိုးရာအနှိပ်သည်နဲ့ အလှပြင်လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမားနဲ့ အလုပ်ရှင် စုစုပေါင်း ၁၄၂၀ ဦးကို အရေးယူ ဒဏ်တပ်ခဲ့ပြီး ဒဏ်ငွေစုစုပေါင်း ဘတ် ၄၁ သန်း ရရှိခဲ့တယ်လို့  ထိုင်းအလုပ်သမား ဌာနက သိရပါတယ်။ ကိုးကား - ချန်နယ် ၃ ထိုင်းတီဗွီသတင်း ၊ ဆယာမ်ရတ် ထိုင်းသတင်း
3 years Ago

September 26, 2016

မလေးရှားသွားမည့် မြန်မာ ၇ ဦးကို ထိုင်းတွင်ဖမ်းမိ

ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဆဒေါင်းမြို့နယ်ထဲမှာ ထိုင်းနိုင်ငံကို ကြားခံမြေအဖြစ် အသုံးပြုပြီး မလေးရှားသွားမယ့် မြန်မာ ၇ ဦးကို ဖမ်းဆီးရမိတယ်လို့ ဘန်ကောက်ဘစ်စနစ်နယူးစ် သတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ တရားမ၀င် ၀င်ရောက်လာသူတွေ ခိုဝင်နေကြောင်း ကြိုတင်သတင်းရထားချက်အရ ဆဒေါင်းမြို့နယ် လက်ထောက်အုပ်ချုပ်ရေးမှူး နိုင်းနဖွန်းဖားဟုမန်ဒိုနဲ့ အမှတ် ၄၃၇ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၄ ရက် မနက် ၁ နာရီခန့်က ဆမ်နတ်ခမ်ကျေးရွာအုပ်စုရှိ ရာဘာတောတခုထဲကို ၀င်ရောက်ရှာဖွေခဲ့တာပါ။ သူတို့ရောက်သွားတဲ့အချိန်မှာ ၁ ဦးက ထွက်ပြေးလွတ်မြောက်သွားပြီး ၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အားလုံးဟာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူးက သတင်းထောက်တွေကို ပြောပါတယ်။ ဖမ်းဆီးရမိသူတွေထဲက အသက် ၃၀ အရွယ် ကိုမြဆိုသူ ပြောပြချက်အရ သူတို့တွေဟာ မြန်မာပြည်ပြည်ကနေ ပွဲစားနဲ့ ရောက်လာကြတာဖြစ်ပြီး ပွဲစားက ဟိုင်းလပ်ကားတစီးနဲ့ တင်လာပြီး ရာဘာတောထဲ လာချထားကြောင်း၊ ဒီတောထဲကနေ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်ဖို့ လာခေါ်မယ့်သူကို စောင့်ဆိုင်းနေစဉ် ခုလို အဖမ်းခံရကြောင်း  တာဝန်ရှိသူတွေကို ပြောခဲ့ပါတယ်။ သူတို့လိုပဲ မလေးရှားဘက်သွားဖို့ တောထဲကနေ စောင့်နေတဲ့သူတွေ အများကြီးရှိသေးတယ်လို့ ဆိုပါတယ်။ ပွဲစားအမည်ကိုတော့ မသိရကြောင်း ဖြေကြားခဲ့တာကြောင့် တာဝန်ရှိသူတွေက ကွင်းဆက်ရှာဖွေဖော်ထုတ်ပြီး ဆက်လက်အရေးယူသွားမယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
5 years Ago
Up