မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်ဟာ လွှတ်တော်ကို ဖျက်သိမ်းလိုက်ကြောင်း ဧပြီ ၆ ရက်နေ့က ကြေညာပါတယ်။
အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် သူ့ရာထူးသက်တမ်း ငါးနှစ်ပြည့်ဖို့ ၂ လ ကျော်အလိုမှာ ခုလို ဖျက်သိမ်းလိုက်တာပါ။
အသက် ၆၄ နှစ်အရွယ် နာဂျစ်ဟာ အစိုးရရန်ပုံငွေနဲ့ ပတ်သက်နေတဲ့ ဒေါ်လာ ဘီလျံချီတဲ့ ငွေကြေးအရှုပ်တော်ပုံကြောင့် ဖိအားပေး ခံနေရတာပါ။
လူနေမှုစရိတ် တိုးမြင့်လာလို့ မပျော်နိုင်ဖြစ်နေတဲ့ မဲရှင်တွေ ကျေနပ်စေရေး ရုန်းကန်နေရသလို သူ့ရဲ့ ဆရာဟောင်းနဲ့ ဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ရဲ့ ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်နေရပါတယ်။
မဟာသီယာရဲ့ အတိုက်အခံ ညွန့်ပေါင်းအဖွဲ့နဲ့ ပန်မလေးရှား အစ္စလာမ္မစ်ပါတီတို့ကြား အကြီးအကျယ် ကွဲပြဲနေလို့ မဲကွဲသွားနိုင်တယ်လို့ အကဲခတ်တွေက တွက်ချက်ပါတယ်။ ဒါကြောင့် နာဂျစ်ဟာ အာဏာပြန်ရဖို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့်ခံနေရပါတယ်။
မလေးရှားဘုရင် စူလ်တန်မူဟမ်မက်နဲ့ တွေ့ခဲ့ပြီး လွှတ်တော်ဖျက်သိမ်းရေး အတည်ပြုချက် ရခဲ့တယ်လို့ နာဂျစ်က ပြောပါတယ်။
"ရွေးကောက်ပွဲ ချောချောမွေ့မွေ့ အစီအစဉ်တကျ ကျင်းပဖို့ မျှော်လင့်တယ်၊ ပြည်သူတွေက ခံစားချက်နဲ့မဟုတ်ဘဲ ကောင်းမွန်တဲ့ အကဲဖြတ်မှုနဲ့ ဆုံးဖြတ်နိုင်တယ်” လို့ နာဂျစ်က ပြောပါတယ်။
လက်ရှိ အာဏာရညွန့်ပေါင်းအဖွဲ့က အာဏာပြန်ရရင် ပိုကြီးမားပြီး အားလုံး ပိုပါဝင်နိုင်တဲ့ နိုင်ငံအပြောင်းအလဲအတွက် အကောင်းဆုံး လုပ်ဆောင်သွားမယ်လို့ ကတိပြုကြောင်းလည်း သူက ပြောပါတယ်။
လွှတ်တော်ဖျက်သိမ်းအပြီး ရက် ၆၀ အတွင်း ရွေးကောက်ပွဲ ကျင်းပရမှာပါ။ မဲပေးရမယ့်နေ့ကို ကြေညာဖို့ ဒီသီတင်းပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်က အစည်းအဝေး ကျင်းပမယ်လို့ မျှော်လင့်ထားပါတယ်။
5 years Ago