မလေးရှားရဲ သိမ်းဆည်း

May 18, 2018

ဝန်ကြီးချုပ်ဟောင်း နာဂျစ်၏ ပိုင်ဆိုင်မှုအချို့ကို မလေးရှားရဲ သိမ်းဆည်း

မလေးရှားရဲတပ်ဖွဲ့ဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရဲ့နေအိမ်အပါဝင် ဆက်နွှယ်တဲ့ နေရာ ၅ ခုကို ၀င်ရောက်ရှာဖွေခဲ့ပြီး ပိုင်ဆိုင်မှုအချို့ကို သိမ်းဆည်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ဇနီး ပိုင်ဆိုင်တဲ့ လက်ကိုင်အိတ်တွေနဲ့ လက်ဆောင်အဖြစ် ရထားတဲ့ ပစ္စည်းတချို့ကို ငွေကြေးခဝါချမှု စုံစမ်းမှုမှာ ဆက်နွှယ်မှုနဲ့ လာရောက်သိမ်းဆည်းသွားတယ်လို့ နာဂျစ်ရဲ့ ရှေ့နေက မေ ၁၇ ရက်နေ့မှာ ပြောပါတယ်။ မလေးရှားရဲတပ်ဖွဲ့ဟာ နိုင်ငံပိုင် ရန်ပုံငွေအလွဲသုံးမှုကို စုံစမ်းမှု တစိတ်တပိုင်းအနေနဲ့ နာဂျစ်ရဲ့အိမ်နဲ့ သူနဲ့ဆက်နွှယ်မှုရှိတဲ့ တခြားနေရာတွေကို ရှာဖွေခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။ ရဲတပ်ဖွဲ့ဟာ နာဂျစ်နဲ့ ဆက်နွှယ်တဲ့နေရာ ၅ ခုကို ရှာဖွေခဲ့တာဖြစ်ပြီး အဲဒီထဲမှာ နာဂျစ်လက်ရှိနေတဲ့ အိမ်လည်း ပါဝင်ပါတယ်။ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင် ၁၂ ယောက်လောက်ဟာ နာဂျစ် ၀တ်ပြုပြီးပြန်လာချိန် မေလ ၁၆ ရက်နေ့နှောင်းပိုင်းမှာ နာဂျစ်ရဲ့အိမ်ကို ၀င်ရောက်ခဲ့တာလို့ ရှေ့နေကပြောပါတယ်။ ငွေကြေးခဝါချမှုမှာ မသင်္ကာမှုနဲ့ဝင်ရောက်ရှာဖွေတာ ဖြစ်နိုင်ချေရှိပေမယ့် ရဲတပ်ဖွဲ့ဟာ သက်သေဖြစ်လောက်တဲ့တစ်စုံတရာ မတွေ့ခဲ့ဘူးလို့လည်း သူကပြောပါတယ်။ ၀န်ကြီးချုပ် မဟာသီယာ မိုဟာမက်ကတော့ မလေးရှားရဲတပ်ဖွဲ့ဟာ ၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်နဲ့ဆက်နွှယ်တဲ့ အိမ်ခြံမြေတွေကို ၀င်ရောက်ရှာဖွေဖို့ လုံလောက်တဲ့ အကြောင်းပြချက်ရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ၀န်ကြီးချုပ် မဟာသီယာကတော့ အစိုးရသစ်ဟာ လက်ရှိဘဏ္ဍာရေးအခြေအနေကြောင့် အရင်အစိုးရလုပ်ခဲ့ပြီးသား စာချုပ်တွေကို ပြန်သုံးသပ်သွားမယ်လို့ ပြောထားပါတယ်။
4 years Ago
Up