မလေးရှားနိုင်ငံ ကျန်းမာရေးဌာနက တရုတ်နိုင်ငံထုတ် ငါးသေတ္တာ ၂ မျိုးမှာ တုတ်ကောင်အသေတွေ တွေ့ပြီးတဲ့နောက် ကုန်ပစ္စည်း ၂ မျိုးကို ပြန်လည်သိမ်းဆည်းဖို့ ဧပြီ ၁၉ ရက်နေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ကျန်းမာရေးဌာနရဲ့ ဆန်းစစ်လေ့လာမှုအရ ဖူဂျီရန်ယွန်ဖာကုမ္ပဏီက ထုတ်လုပ်တဲ့ တီအယ်လ်တန်လန် (TL Tan Lung) အမှတ်တံဆိပ် ငါးသေတ္တာဘူးတွေနဲ့ ဒန်ရှန်ဒွန်ဂျီဖု့ဒ်စ်ကုမ္ပဏီက ထုတ်လုပ်တဲ့ တီအယ်လ်စီ (TLC) အမှတ်တံဆိပ် ငါးသေတ္တာဘူးတွေထဲမှာ တုတ်ကောင်တွေပါနေတယ်လို့ ကျန်းမာရေးဌာနရဲ့ အထွေထွေ ဒါရိုက်တာ နျူရာဟီရှမ်အက်ဘဒူလာက ပြောပါတယ်။
အင်ဒိုနီးရှား အစားအစာနဲ့ မူးယစ်ဆေးစောင့်ကြည့်ရေး အေဂျင်စီရဲ့ အစီရင်ခံစာထဲမှာလည်း ငါးသေတ္တာဘူးတွေထဲမှာ တုတ်ကောင်အသေတွေ ပါလာတာတွေ့ပြီးတဲ့နောက် တရုတ်က ငါးသေတ္တာ တင်ပို့သူ ၃ ဦးရဲ့ ကုန်ပစ္စည်းတွေကို ပြန်လည်သိမ်းဆည်းဖို့ အမိန့်ထုတ်လိုက်တယ်လို့ ပြောပါတယ်။
“တင်သွင်းတဲ့ ငါးသေတ္တာဘူးတွေနဲ့ စားလို့ရတဲ့ ပင်လယ်ငါးကုန်ပစ္စည်းတွေကို တနိုင်ငံလုံးမှာရှိတဲ့ ဆိုင်တွေနဲ့ ဒီကုန်ပစ္စည်းတွေ ဝင်လာတဲ့ နေရာတွေအားလုံးကို ကျန်းမာရေးဝန်ကြီးဌာနက ဆက်လက်စောင့်ကြည့်သွားမယ်” လို့ နျူရာဟီရှမ်က ပြောပါတယ်။
“အကယ်၍ကုန်ပစ္စည်းတွေအားလုံးက ၁၉၈၃ ခုနှစ် အစားအသောက်အက်ဥပဒေကို မလိုက်နာရင် အရေးယူဆောင်ရွက်သွားမယ်” လို့လည်း နျူရာဟီရှမ်က ပြောပါတယ်။
မလေးရှားက ပြန်လည်သိမ်းဆည်းဖို့ ထုတ်ပြန်လိုက်တဲ့ ငါးသေတ္တာကုန်ပစ္စည်း ၂ မျိုးကို စင်ကာပူနိုင်ငံကို တင်သွင်းသေးလားလို့ စင်ကာပူနိုင်ငံ လယ်ယာထွက် အစားအစာနဲ့ အသားငါးအာဏာပိုင်တွေကို သတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သေးတယ်လို့ ချန်နယ်နယူးစ်အေးရှား သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
5 years Ago