မလေးရှားက မြန်မာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိ

August 21, 2017

မလေးရှားက မြန်မာအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိ

ဒီနေ့ည ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၉ ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (က) ပွဲစဉ်မှာ မလေးရှားအသင်းက မြန်မာကို ၃-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမပိုင်းမှာ မြန်မာအသင်းဟာ ပွဲချိန် မိနစ် ၂၀ လောက်အထိ ဘောလုံးအသာစီးယူ ကစားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမယ့် မြန်မာအသင်းဟာ ဘောလုံးပေးပို့မှုအပိုင်းတွေမှာလည်း အမှားတွေ များနေလို့ အိမ်ရှင်မလေးရှားအသင်းရဲ့ဖိအားပေးကစားတာ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ့အပြင် မလေးရှားအသင်းဟာ အိမ်ရှင်ဖြစ်တာနဲ့အညီ ကြမ်းကြမ်းတမ်းတမ်းကစားခဲ့ပြီး ဒိုင်ဖြစ်သူကလည်း ပြစ်ဒဏ်ပေးမှုအပိုင်းမှာ အားနည်းခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာတော့ မလေးရှားအသင်းက ပြစ်ဒဏ်ဘောကန်ခဲ့ပြီး မြန်မာဂိုးသမား ပုတ်ထုတ်ကာကွယ်ရာမှာ ဂိုးတိုင်ထိ ထွက်သွားခဲ့လို့ မြန်မာအသင်း သက်သာရာရခဲ့ပါတယ်။ ပွဲချိန် ၃၂ မိနစ်မှာတော့ မလေးရှားအသင်းရဲ့ ကျောနံပါတ် ၁၂ သာနာဘာလင်းက ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ ပွဲချိန် ၃၄ မိနစ်မှာပဲ မလေးရှားအသင်းက ဒုတိယ ဂိုးကို ရာဇစ်က သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာ ဒီနေ့ ပထမပိုင်းကစားတဲ့ပွဲချိန်တွင်းမှာ နောက်တန်းကစားသမားတွေ အမှားယွင်းများတာလည်း တွေ့ရပါတယ်။ ဒီနောက်မှာတော့ ပထမပိုင်းပြီးဆုံးတဲ့အချိန်ထိ မြန်မာအသင်းက ချေပဂိုးမသွင်းယူနိုင်ဘဲ ပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ မြန်မာအသင်းက အချိတ်ဆက်မိမိကစားလာခဲ့တာ တွေ့ရပါတယ်။ ပွဲချိန် ၅၅ မိနစ်မှာတော့ စည်သူအောင် အဝေးက ကန်သွင်းချက် ဂိုးဘားပေါ် ကျော်ထွက်သွားခဲ့ပါတယ်။ ပွဲချိန် ၅၈  မိနစ်မှာတော့ အောင်ကောင်းမာန်နေရာမှာ သန်းပိုင် ၀င်ကစားခဲ့ပါတယ်။ ပွဲချိန် ၈၁ မိနစ်မှာတော့ မလေးရှား တိုက်စစ်ကစားသမား သာနာဘာလင်းကပဲ ခေါင်းတိုက်သွင်းယူခဲ့ပြီး မလေးရှားအသင်းက ၃ ဂိုးနဲ့ ဦးဆောင်ခဲ့ပါတယ်။ ပွဲချိန် ၈၆ မိနစ်မှာတော့ သန်းပိုင်က ချေပဂိုး သွင်းယူခဲ့ပါတယ်။ မြန်မာအသင်းဟာ အုပ်စုပွဲစဉ်မှာ ဖိလစ်ပိုင်၊ လာအို၊ ဘရူနိုင်းတို့ကို အနိုင်ရရှိခဲ့လို့ အုပ်စုတွင်းမှာ ၉ မှတ်ရရှိနေပြီး မလေးရှားအသင်းကတော့ စင်ကာပူ၊ ဘရူနိုင်း၊ မြန်မာအသင်းတို့ကို အနိုင်ရရှိခဲ့လို့ ရမှတ် ၉ မှတ် ရရှိထားပါတယ်။ မလေးရှားအသင်းဟာ နောက်ဆုံးပွဲမှာ လာအိုကို အနိုင်ရရှိခဲ့ရင်တော့ အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်မှာဖြစ်ပြီး မြန်မာအသင်းကတော့ အုပ်စုဒုတိယနဲ့ တက်ရောက်မှာဖြစ်ပါတယ်။ ဓာတ်ပုံ - ထက်လူ (ရန်ကုန်မြို့တော်ခန်းမရှေ့ အားပေးနေသည့် ပရိသတ်များ)  
4 years Ago
Up