မလေးရှား

July 28, 2019

မလေးရှား ဘုရင်သစ် နန်းတက်ပွဲ ဇူလိုင် ၃ဝ တွင် ကျင်းပမည်

မလေးရှားနိုင်ငံမှာ ဘုရင်သစ် အယ်လ်ဆူလ်တန် အဗ်ဒူလာရဲ့ နန်းတက်ပွဲကို ဇူလိုင် ၃၀ မှာ ကျင်းပတော့မှာပါ။ မလေးရှားနိုင်ငံ စည်းမျဉ်းခံ ဘုရင်စနစ်ရဲ့ ၁၆ ယောက်မြောက်ဘုရင်ကို ဇန်နဝါရီလက ရွေးချယ်ခဲ့ပါတယ်။ ဘုရင်ဟောင်း စူလ်တန် မူဟမ်မဒ်က ၂ နှစ်ကြာ နန်းစံအပြီး မလေးရှား စည်းမျဉ်းခံ ဘုရင်စနစ်အတွင်း ပထမဆုံးအနေနဲ့ နန်းစွန်ခဲ့ပါတယ်။ နန်းစွန့်ရတဲ့ အကြောင်းရင်းကို မဖော်ပြခဲ့ပါဘူး။ အခု နန်းတက်မယ့် ဘုရင်သစ် အဗ်ဒူလာဟာ အရင်က အာရှဘောလုံးအသင်းချုပ်ရဲ့ ဒုဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ဖူးပါတယ်။ သူဟာ မလေးရှား ဘောလုံးအသင်းရဲ့ ဥက္ကဋ္ဌလည်းဖြစ်သလို ပါဟန်းပြည်နယ်ရဲ့ နန်းထိန်းစော်ဘွားအဖြစ် ၂ ကြိမ် တာဝန် ထမ်းဆောင်ဖူးပါတယ်။ စူလ်တန်အာမဒ်ရှားရဲ့ သားကြီးဖြစ်သူ ဘုရင်သစ် အဗ်ဒူလာဟာ ၁၉၅၉ ဇူလိုင် ၃၀ မှာ မွေးပါတယ်။ ဇနီး ၂ ယာက် သားသမီး ၉ ယောက်နဲ့ မွေးစားသား တယောက်လည်း ရှိပါတယ်။ မလေးရှားနိုင်ငံရဲ့ စည်းမျဉ်းခံ ဘုရင်စနစ်အရ တော်ဝင်အိမ်တော် ၉ အိမ်ကနေ ဘုရင်တပါးစီ အလှည့်ကျ မဲပေး ရွေးချယ်ကြပါတယ်။ ဘုရင်တပါးအတွက် နန်းသက် ၅ နှစ်သတ်မှတ် ထားပါတယ်။ မွတ်စလင် လူများစုရှိတဲ့  မလေးရှားနိုင်ငံမှာ အစ္စလာမ်ဘာသာကို ထိန်းသိမ်းစောင့်ရှောက်သူနဲ့ ပွဲတက်အခန်းကဏ္ဍအတွက် ဘုရင်က အရေးပါတယ်လို့ ယူဆကြပါတယ်။
2 years Ago

June 26, 2019

မလေးရှားတွင် မှောင်ခိုသွင်းလာသည့် ရေချိုလိပ်ကောင်ရေ ၅,၀၀၀ ကျော် ဖမ်းမိ

ပြီးခဲ့တဲ့သီတင်းပတ်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်မှာ မှောင်ခိုသွင်းလာတဲ့ ရေချိုလိပ်ကောင်ရေ ၅,၀၀၀ ကျော် ဖမ်းဆီးရမိတယ်လို့ အာဏာပိုင်တွေက ဇွန်လ ၂၆ ရက်နေ့မှာ ပြောပါတယ်။ အိန္ဒိယနိုင်ငံသား နှစ်ယောက်ဟာ သူတို့ရဲ့ခရီးဆောင်အိတ်ထဲ ခြင်းတွေနဲ့ ရေချိုလိပ်ကောင်ရေ ၅,၂၅၅ ကောင်ကို ထည့်ယူလာတယ်လို့ အကောက်ခွန်ဌာန တာဝန်ရှိသူက မီဒီယာတွေကို ပြောပါတယ်။ သူတို့ဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကွမ်ကျိုးမြို့ကနေ ကွာလာလမ်ပူလေဆိပ်ကို ဇွန်လ ၂၀ ရက်နေ့မှာ ရောက်ရှိလာခဲ့တာပါ။ သူတို့ကို ထိန်းသိမ်းထားပြီး စွဲချက်တင်သွားမယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။ ရေချိုလိပ်တွေရဲ့ စုစုပေါင်းတန်ဖိုးဟာ အမေရိကန် ဒေါ်လာ ၁၂,၇၀၀ ရှိတယ်လို့လည်း အကောက်ခွန် တာဝန်ရှိပုဂ္ဂိလ်က ပြောပါတယ်။ အခုဖမ်းဆီးရမိတဲ့ ရေချိုလိပ်တွေဟာ အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ရေးမှာ လူကြိုက်အများဆုံးဖြစ်ပြီး သူတို့ကို နေရာအများအပြား ပြောင်းရွှေ့ကျက်စားတဲ့ လိပ်မျိုးစိတ်အဖြစ် သတ်မှတ်ထားတယ်လို့ နိုင်ငံတကာ တိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ဆိုပါတယ်။ ဒါ့အပြင် တောရိုင်းတိရစ္ဆာန်တွေကို တခြား အာရှနိုင်ငံတွေဆီ ရောင်းချရာမှာ မလေးရှားဟာ အဓိက ကြားခံနေရာဖြစ်တယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။
2 years Ago
More News
Up