မေဆင်မောင့်ထ်

October 13, 2020

မေဆင်မောင့်ထ်ကို ဒီဘရိုင်းကဲ့သို့ ကစားသမားကောင်း ဖြစ်လာနိုင်ဟု သုံးသပ်

ချဲလ်ဆီးကွင်းလယ်လူ မေဆင်မောင့်ထ်ဟာ ကယ်ဗင်ဒီဘရိုင်းလို ကစားသမားကောင်း တစ်ယောက် ဖြစ်လာနိုင်တယ်လို့ အင်္ဂလန်လက်ရွေးစင်ဟောင်း ဂျင်မီရက်နက်က သုံးသပ်လိုက်ပါတယ်။  အင်္ဂလန်နဲ့ ဘယ်လ်ဂျီယံတို့ရဲ့ UEFA Nations League ပြိုင်ပွဲအပြီးမှာ အခုလို ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။ တနင်္ဂနွေနေ့ပွဲမှာ အင်္ဂလန်အသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်းက ဦးဆောင်ဂိုးရရှိခဲ့တာပါ။ ဒိုင်ယာရဲ့ ပြစ်ဒဏ်ကျူးလွန်ကနေ ရရှိလာတဲ့ ပင်နယ်တီကို တိုက်စစ်မှူး လူကာကူက အဆုံးသတ်နိုင်ခဲ့ပါတယ်။  ပထမပိုင်းတစ်ပိုင်းလုံးနီးပါးမှာ ဘယ်လ်ဂျီယံအသင်းကသာ ပွဲကို စိုးမိုးခဲ့တာဖြစ်ပြီး အင်္ဂလန်အတွက် ချေပဂိုးကို ရက်ဖို့ဒ်က ပင်နယ်တီကနေတဆင့် သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲမှာ အင်္ဂလန်အသင်းအတွက် အနိုင်ဂိုးကို မေဆင်မောင့်ထ်က သွင်းယူခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံ နောက်ခံလူ အယ်လ်ဒါဝီရယ်နဲ့ ထိပြီး ဝင်သွင်းခဲ့တဲ့ သူ့ကန်ချက်ကြောင့် အင်္ဂလန်အသင်းဟာ အုပ်စုအဆင့် ၁ နေရာကို ရောက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ မောင့်ထ်ဟာ ဒီပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုလည်း ရရှိခဲ့သူဖြစ်ပြီး ဒီဘရိုင်းကတော့ ဒီပွဲမှာ ဘယ်လ်ဂျီယံအသင်း တိုက်စစ်အတွက် အသက်သွေးကြောကစားသမားအဖြစ် ခြေစွမ်းပြခဲ့ပါတယ်။  ဒီအခြေအနေမှာ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်း ဂျင်မီရက်နက်က မေဆင်မောင့်ထ်မှာလည်း ဒီဘရိုင်းလို ဖြစ်နိုင်တဲ့ စွမ်းရည်တွေ ရှိနေပြီး ဒီဘရိုင်းလို ကမ္ဘာ့အဆင့်ကစားသမား ဖြစ်လိုတယ်ဆိုရင် ပိုပြီးတော့စည်းစနစ်ကျတဲ့ပုံစံနဲ့ ကစားပွဲကို ချဉ်းကပ်သင့်တယ်လို့ ပြောပါတယ်။ “ဘယ်လ်ဂျီယံအသင်းမှာ ဒီဘရိုင်းလို အရမ်းကောင်းတဲ့ ကစားသမားတစ်ဦး ရှိနေပါတယ်။ သူဟာ ဒီပွဲမှာ ဘာကြောင့် ဒီဘရိုင်းလို့ နာမည်ကြီးရတယ်ဆိုတဲ့  ပေးပို့မှုတွေကို ပြုလုပ်ပြနိုင်ခဲ့ပါတယ်။ မေဆင့်မောင့်ထ်အကြောင်း ပြောမယ်ဆိုရင်တော့ သူ့အနေနဲ့ အခုထက်ပိုပြီး ကြိုးစားသင့်တယ်လို့ ထင်ပါတယ်။ ဒီဘရိုင်းကို ကြည့်ရင် သူဟာ သုံးယောက်တန်းမှာ ကစားနေပေမယ့် ဘောလုံးကို လိုက်လု၊ လိုက်ယူနေတာကို တွေ့ရပါမယ်။ ဘောလုံးရှိနေတဲ့ နေရာကို သူက အမြဲတမ်းသွားနေသူ ဖြစ်ပါတယ်။ မေဆင်မောင့်ထ်ဟာ အင်္ဂလန်အသင်းအတွက် ဒီလိုလုပ်ပေးနိုင်တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့ ညာဘက်မှာပဲ နေနေလို့တော့ မရပါဘူး။ ပိုပြီးတော့ အတွင်းထဲကို ဝင်ဖို့ လိုအပ်ပါတယ်။” သွင်းဂိုးရရှိတဲ့ အနေအထားမှာလည်း ကံကောင်းခဲ့ပေမယ့် သူ့အတွက် ထိုက်တန်ခဲ့ပါတယ်လို့လည်း ရက်နက်က မေဆင်မောင့်ထ်ရဲ့ သွင်းဂိုးနဲ့ပတ်သက်ပြီး ပြောပါတယ်။
7 months Ago
Up