မကွေး အချုပ်ခန်းဖောက်

October 15, 2017

မကွေး အချုပ်ခန်းဖောက်ထွက်ပြေးသူများထဲမှ ၃ ဦး ပြန်လည်ဖမ်းမိ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ မြို့မရဲစခန်း အချုပ်ခန်းဖောက် ထွက်ပြေးသူ ၆ ဦးထဲက ၃ ဦး ပြန်ဖမ်းမိခဲ့တယ်လို့ မကွေးမြို့မရဲစခန်းက ပြောပါတယ်။ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးငွေတင် ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ အချုပ်ခန်းဖောက် ထွက်ပြေးတရားခံတွေ ဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေရာ အောက်တိုဘာ ၁၁ ရက်က ပုဒ်မ ၃၇၆/၃၃၆/၁၁၄ နဲ့ အမှုရင်ဆိုင်နေရသူ သိန်းမင်းထိုက်၊ အောက်တိုဘာ ၁၃ ရက်မှာ ပုဒ်မ-၃၇၆/၃၆၃ နဲ့ အမှုရင်ဆိုင်နေရသူ စိုင်းသီဟနဲ့ အောက်တိုဘာ ၁၄ ရက်မှာ ပုဒ်မ-၃၈၀ အမှုရင်ဆိုင်နေရတဲ့ ခိုင်စိုး တို့ကို ပြန်လည်ဖမ်းဆီး ရမိခဲ့တယ်လို့ မကွေးမြို့မရဲစခန်း ဒုစခန်းမှူး ရဲအုပ် ထန်းလိန်းကီး က ပြောပါတယ်။ ထွက်ပြေးလွတ်မြောက်နေသူတွေဖြစ်တဲ့ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ နဲ့ အမှုရင်ဆိုင်နေရတဲ့ ဘိုဘိုထက်၊ ပုဒ်မ ၃၇၆ နဲ့ အမှုရင်ဆိုင်နေတဲ့ ချစ်ကိုကို၊ ပုဒ်မ ၃၇၆/၃၆၃/၁၁၄ တို့နဲ့ အမှုရင်ဆိုင်နေရတဲ့ အောင်ဇော်လင်းတို့အား ဖမ်းဆီးရမိရေး ဆက်လက်ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။ အဆိုပါ ၆ ဦးမှာ CCTV မှတ်တမ်းအရ အောက်တိုဘာ ၁၁ ရက်နေ့ မနက် ၈ နာရီလောက်က မကွေးမြို့မရဲအချုပ်ခန်း အမှတ် ၆ မှာ အချုပ်သား ၉ ဦးနဲ့အတူ ဖမ်းဆီးချုပ်နှောင် ထားရာမှ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားကြတာဖြစ်ပါတယ်။ သတင်း-မင်းထီး
4 years Ago
Up