မကွေးတိုင်းအတွင်း ကားလမ်းတချို့ရေကျော်နေ

June 13, 2018

မကွေးတိုင်းအတွင်း ကားလမ်းတချို့ရေကျော်နေ

မိုးကြီးပြီး ရေလျှံနေတာကြောင့် မကွေးတိုင်းထဲက လမ်းတချို့ရေကျော်နေပြီး ပုသိမ် - မုံရွာလမ်းက တံတားတစင်းလည်း ပျက်စီးသွားတယ်လို့ မကွေးတိုင်း လမ်းဦးစီးဌာန တာဝန်ရှိသူ တယောက်က ပြောပါတယ်။ မကွေးခရိုင်၊ မင်းဘူးခရိုင်နဲ့ သရက်ခရိုင်တွေထဲက လမ်းတွေမှာ ရေကျော်လို့ ဖြတ်မရတာတွေ ရှိသလို ရေကျော်ချိန်ကို စောင့်ပြီး ဖြတ်သန်းရတာလည်း ရှိနေတာပါ။ မကွေးတိုင်း လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ဝင်းက “မနေ့ ညနေကတော့ ပုသိမ်- မုံရွာလမ်း၊ မိုင်တိုင် ၃၃၁၊ ၃ ဖာလုံနဲ့ ၄ ဖာလုံကြားက တံတားတစင်းပါသွားပါတယ်။ အခုတော့ ပေ ၈၀ လောက်အထိ ပါသွားပြီ။ ပုသိမ်ကနေ ပဒါန်းလော်ကအထိတော့ လာလို့ရတာပေါ့။ အခုတော့ ဘာမှလုပ်လို့မရသေးဘူး။” လို့ ပြောပါတယ်။ မကွေးခရိုင်ထဲမှာ ပျော်ဘွယ် - ကန်ပြားလမ်းက ရေကျော်နေလို့ ဖြတ်သန်း သွားလို့မရပေမယ့် နေပြည်တော်- ကန်ပြား(မကွေး) လမ်း၊ တောင်တွင်းကြီး- နတ်မောက်လမ်းတွေကတော့  ရေကျော်တွေကို ခဏ စောင့်ပြီးသွားလို့ရတယ်လို့ ဆိုပါတယ်။ “မင်းဘူးခရိုင်ထဲမှာတော့ မင်းဘူး- အမ်းလမ်းမှာ လေးပင်ရေကျော်မှာ ရေကျရင်တော့ သွားလို့မရဘူး။ ပဒါန်း-ဆောလမ်းမှာလည်း မြေပြိုနေတာ တနေရာရှိတယ်” လို့ ဦးနိုင်ဝင်းက ပြောပါတယ်။ ဒါ့အပြင် မင်းဘူး -တညောင်လမ်း၊ စလင်း-စေတုတ္တရာလမ်းတွေမှာလည်း ရေကျော်နေ တာကြောင့် သွားလာမရဘူးလို့ သိရပါတယ်။ သရက်ခရိုင်ထဲမှာတော့ သရက် -မင်းတုန်းလမ်း၊ သရက်-မင်းလှလမ်းနဲ့ စစ္စနိုး- ကန်တုတ်လမ်းတွေမှာ ရေကျမှ သွားနိုင်သလို သရက်-ကံမလမ်းမှာတော့ ရေနံ့သာ ဘေလီ တံတားဘောင်တွေ ပျက်စီးနေပါတယ်။ ပခုက္ကူနဲ့ ဂန့်ဂေါခရိုင်ထဲက လမ်းတွေအားလုံးကတော့ သွားလာလို့ရတယ်လို့  မကွေးတိုင်းလမ်းဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ လမ်းရေကျော်နေရာတွေ၊ ပျက်စီးနိုင်တဲ့ နေရာတွေမှာ ဌာနက အင်ဂျင်နီယာတွေကို တာဝန်ချ စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
3 years Ago
Up