မူကြိုကျောင်း

July 12, 2019

ပဲခူးတိုင်းအတွင်း ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် မူကြိုကျောင်းများကို ပိတ်သိမ်းမည် 

ပဲခူးတိုင်းဒေသကြီးအတွင်း မူကြိုကျောင်းတွေကို သက်ဆိုင်ရာက လိုက်လံစစ်ဆေးနေပြီး ခွင့်ပြုမိန့်မရှိဘဲ ဖွင့်လှစ်ထားတဲ့ မူကြိုကျောင်းတွေကို ပိတ်သိမ်းသွားဖို့ လုပ်ဆောင်နေပါတယ်။  ပဲခူးတိုင်းမှာ ပုဂ္ဂလိကမူကြိုကျောင်းပေါင်းများစွာ ဖွင့်လှစ်ထားပေမယ့် တရားဝင်  ခွင့်ပြုချက် ရရှိထားတဲ့ကျောင်းက ၁၄ ကျောင်းပဲ ရှိပါတယ်။ မူကြိုကျောင်းဖွင့်ဖို့ ခွင့်ပြုမိန့်ကို လူမှုဝန်ထမ်းဦးစီးဌာနမှာ လျှောက်ထားရတာဖြစ်ပြီး ခွင့်ပြုမိန့်မတင်တဲ့ကျောင်းတွေကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ နောက်ဆုံးထားပြီး ခွင့်ပြုမိန့် တင်ကြဖို့ ဌာနက စာထုတ်အကြောင်းကြားထားခဲ့ပါတယ်။ ဒါပေမဲ့ လျှောက်လွှာ လာမတင်တဲ့ကျောင်းတွေရှိနေတဲ့အကြောင်းနဲ့  လက်ရှိ လျှောက်လွှာတင်ထားဆဲကျောင်းတွေကတော့ ပဲခူးမြို့မှာ ၁ကျောင်းနဲ့ ပြည်ခရိုင်မှာ ၄ ကျောင်းသာ  ရှိတယ်လို့ ပဲခူးတိုင်းလူမှုဖူလုံရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး နော်ဖွယ်စေးက ပြောပါတယ်။ တောင်ငူခရိုင်ကဆိုရင် မူကြိုကျောင်းဖွင့်ဖို့ လျှောက်လွှာလာယူသွားတာရှိပေမယ့် ဒီနေ့ အထိ လျှောက်လွှာတွေကို လာတင်တာမရှိသေးဘူးလို့လည်း ဆိုပါတယ်။ လူမှုဖူလုံရေးဦးစီးဌာနအနေနဲ့ မူကြိုကျောင်း တကျောင်းကို ခွင့်ပြုမယ်ဆိုရင် ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်၊ ထားရှိမယ့် ကလေးအရေအတွက်၊ တာဝန်ခံကျောင်းအုပ်နဲ့ ဆရာမတွေဟာ ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်းတက်ဖူးသူဖြစ်ရမယ် စတဲ့ အချက်တွေအပါအ၀င် အချက် ၁၀ ချက်နဲ့ ကိုက်ညီမှ ခွင့်ပြုမိန့်ပေးမှာဖြစ်ပါတယ်။ တကယ်လို့ ခွင့်ပြုမိန့် မရှိဘဲ ကျောင်းဖွင့်ခဲ့ရင်တော့ ထောင်ဒဏ် ၆ လ ဒါမှမဟုတ် ငွေဒဏ်နဲ့ ဒါမှမဟုတ်ဒဏ် ၂ ရပ်လုံးကို ချမှတ်နိုင်တယ်လို့ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရေးဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်မြင့်မြင့်ကြည်က ပြောပါတယ်။ အခြေခံပညာ စာသင်ကျောင်းတချို့မှာလည်း ကျောင်းအခြေပြု မူကြိုကျောင်းတွေ ဖွင့်လှစ်ထားတာတွေရှိပါတယ်။ အဲဒီကျောင်းတွေကလည်း စာသင်ကျောင်းထဲမှာရှိတယ်ဆိုပေမယ့် ခွင့်ပြုမိန့်ကိုတော့ လူမှုဝန်ထမ်းဌာနကသာ ခွင့်ပြုပေးရတာပါ။ ပဲခူးမြို့မှာ ရပ်ကွက်တိုင်းလိုလို မူကြိုကျောင်းတွေရှိနေတာကြောင့် အဲဒီကျောင်းတွေဟာ တရားဝင်အသိအမှတ်ပြုကျောင်းဖြစ်ဖို့လိုသလို နေပြည်တော်က Wisdom Hil မူကြိုကျောင်းမှာ ဖြစ်ပွားခဲ့တဲ့ ကျောင်းသူလေး ဗစ်တိုးရီးယားအမှုကိစ္စလိုမျိုး မဖြစ်ရအောင် ကျောင်း တည်ထောင်သူတွေက တာဝန်ယူတာဝန်ခံမှုရှိဖို့လိုတယ်လို့ ကျောင်းသား မိဘတွေက ပြောပါတယ်။ သတင်း - အောင်စိုးမိုး
2 years Ago

November 10, 2017

ကလေးများကို နှိပ်စက်ညှဉ်းပန်းသည့် ရှန်ဟိုင်းရှိ မူကြိုကျောင်း အကန့်အသတ်မရှိပိတ် (ရုပ်သံ)

တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့ရှိ နေ့ကလေးထိန်းကျောင်းတခုမှာ ကလေးတွေကို ညှဉ်းပန်းနှိပ်စက်လို့  နိုဝင်ဘာ ၉ ရက်နေ့ကစပြီး ကျောင်းကို အကန့်အသတ်မရှိ ပိတ်လိုက်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရက်တွေက တရုတ်လူမှုကွန်ရက်စာမျက်နှာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေတဲ့ ရုပ်သံအတွင်း ကလေးတွေကို အတွန်းခံရတာ၊ ဝါဆာဘီတွေ အတင်းမြိုချခိုင်းတာ တွေ့မြင်ရပါတယ်။ ဆရာမတွေက ကလေးတွေကို အိပ်ဆေးတွေ အတင်းတိုက်တယ်လို့လည်း နိုဝင်ဘာ ၉ ရက်နေ့ စီဂျီတီအန် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ဒီအဖြစ်အပျက်ကြောင့် အများပြည်သူတွေ စိတ်ဆိုးဒေါသထွက်ခဲ့ကြပြီး ကလေးထိန်းကျောင်းရဲ့ ကျောင်းအုပ်အပါအဝင် ဝန်ထမ်း ၄ ဦးကို အလုပ်က ထုတ်လိုက်သလို အမှုကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း ဝန်ထမ်း ၃ ဦးကို ရာဇဝတ်မှုနဲ့ ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ သတင်းထုတ်ပြန်ချက်တွေအရ ကလေးထိန်းကျောင်းကို မော်ဒန်မိသားစုမဂ္ဂဇင်းက ရှန်ဟိုင်းအမျိုးသမီး ဖက်ဒရေးရှင်း (အက်စ်ဒဗလျူအက်ဖ်) နဲ့ တရုတ်နိုင်ငံက ခရီးသွားလုပ်ငန်းကုမ္ပဏီ (စီထရစ်ပ်) တို့ပူးပေါင်းကာ စီထရစ်ပ်ဝန်ထမ်းတွေရဲ့ ကလေးတွေကို ထိန်းဖို့ ၂၀၁၅ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ ကလေးတွေနှိပ်စက်ခံရတာနဲ့ ပတ်သက်ပြီး စီထရစ်ပ်ကုမ္ပဏီရဲ့ ဝန်ထမ်းရေးရာဌာန အကြီးတန်းဒါရိုက်တာ ပြစ်တင်ခံရပြီးနောက် အလုပ်ကနုတ်ထွက်သွားတယ်လို့ ဆိုပါတယ်။ ကလေးထိန်းကျောင်းကို တရားဝင် မှတ်ပုံတင်မထားတာကြောင့် ဒီအမှုမှာ အက်စ်ဒဗလျူအက်ဖ်က တာဝန်ရှိတယ်လို့ ပညာရေးအာဏာပိုင်တွေက ပြောပါတယ်။ ရှန်ဟိုင်းမြို့ ချန်နင်ခရိုင် ပညာရေးကော်မတီဝင် တဦးက “ကလေးထိန်းကျောင်းကို ဒေသခံ အက်စ်ဒဗလျူအက်ဖ်အဖွဲ့က ဦးဆောင်ပြီး လုပ်ထားတာ။ ဒါကြောင့် ကျောင်းက တရားဝင်အောင်လက်မှတ်ရှိတဲ့ ကလေးထိန်းကျောင်းမဟုတ်ဘူး” လို့ ပြောပါတယ်။ အက်စ်ဒဗလျူအက်ဖ်ကတော့ ဒီအဖြစ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒီကိစ္စကို အရေးတယူ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ နောက်ပိုင်း စီမံခန့်ခွဲမှု ပိုမိုအားကောင်းအောင်လုပ်ဖို့ ကတိပြုလိုက်ပါတယ်။ ဒါ့အပြင် စီထရစ်ပ်ကုမ္ပဏီက ကလေးတွေကို စောင့်ရှောက်ဖို့ မိဘတွေကို ၂ ပတ်တိတိ လစာအပြည့်နဲ့ ခွင့်ပေးပြီး ပိုကောင်းတဲ့ နေ့ကလေးထိန်း ဝန်ဆောင်မှုဖြစ်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
3 years Ago
Up