မူးယစ်ရမ်းကား

March 30, 2020

၁၄ ရက်စောင့်ကြည့်စစ်​ဆေး​ခံ​နေသူ ၁ ဦး မူးယစ်ရမ်းကားနေသဖြင့် ဖမ်းဆီး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ် ရေဖြူကန်ကျေးရွာ အ.လ.က ခွဲ ကျောင်း စောင့်​ကြည့်ရေးစင်တာမှာ အသွားအလာကန့်သတ်စောင့်ကြပ်ခံနေရသူ တဦး  အရက်သေစာ သောက်စားပြီး စည်းကမ်းဖောက်ဖျက်တာကြောင့် ဖမ်းဆီးခဲ့ရတယ်လို့ မြို့မစခန်းက ပြောပါတယ်။ မူးယစ်ရမ်းကားသူ ​ဇော်ဝင်းသိန်းဟာ ​မတ်လ ၂၅ ရက်​က  ​မြဝတီ​မြို့ကနေ ရေဖြူကန်ကျေးရွာကို ပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပြီး ကျောင်းစင်တာမှာ ၁၄ ရက် စောင့်ကြည့်နေချိန်  ဒီနေ့မနက် အရက်သေစာသောက်စားပြီး လျှောက်သွားနေခဲ့တယ်လို့ ဆိုပါတယ်။  ဒုရဲမှူး​ဌေးဝင်းကို ကျေးရွာကလှမ်းပြီး သတင်းပေးလို့ မြို့နယ်မှူးအပါအဝင်ရဲတပ်ဖွဲ့ဝင်တွေ အုပ်ချုပ်​ရေးမှူးတွေနဲ့ သွားရောက်​ပြီးဖမ်းဆီးခဲ့တာပါ။ ရေဖြူကန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက “အရင်ရက်တွေက နေအိမ်မှာ စောင့်ကြည့်ထားပေမယ့် မတ်လ ၂၉ ရက်နေ့မှာ စာသင်ကျောင်း စောင့်ကြည့်ရေးစင်တာ စဖွင့်တာကြောင့် စင်တာကို ပြောင်းရွှေ့စောင့်ကြည့်နေတုန်းမှာ အရက်သောက်ပြီး တရွာလုံး လျှောက်သွားနေတာကြောင့် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့တာ”လို့ ပြောပါတယ်။ သူ့ကို ရွာမှာ လုံးဝထားလို့မရတော့ကြောင်းနဲ့  ရွာထဲလျှောက်သွားနေပြီး အရက်က ဘယ်ကရ​ပြီး ဘယ်သူလာပို့တယ်ဆိုတာလည်း မေးလို့မရဘူး ဖြစ်နေတယ်လို့လည်း ရွာအုပ်ချုပ်ရေးမှူးက ပြောပါတယ်။ စောင့်ကြည့်ရေးစင်တာမှာမနေဘဲ စည်းကမ်းဖောက်ဖျက်ပြီး အရက်သေစာသောက်စားသူ ဇော်ဝင်းသိန်းကို ညောင်လေးပင် မြို့မရဲစခန်းက ဥပ​ဒေအရ အရေးယူသွားမယ်လို့ သိရပါတယ်။ သတင်း၊ ဓါတ်ပုံ - နေလင်းထိုက်
1 year Ago

October 14, 2019

လှိုင်းဘွဲ့မြို့နယ်တွင် မူးယစ်ရမ်းကားပြီး ဓားဖြင့်လိုက်ခုတ်သူအား ပစ်ခတ်ဖမ်းဆီး

ကရင်ပြည်နည်၊ လှိုင်းဘွဲ့မြို့နယ်မှာ အောက်တိုဘာ ၁၃ ရက်နေ့က မူးယစ်ရမ်းကားနေသူတဦးအား ရဲတပ်ဖွဲ့ သွားရောက်ထိန်းသိမ်းရာမှာ ဓားကိုင်ရန်ပြုတာကြောင့် သတိပေး ပစ်ခတ်ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ ၁၃ ရက်နေ့က ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်၊ ထီလုံကျေးရွာ အောင်သုခလမ်းဆုံမှာ ဦးစံမြင့်(ခ)ရဲဘော် (၆၂-နှစ်)ဟာ အရက်သေစာ သောက်စားမူးယစ်ပြီး လမ်းသွားလမ်းလာတွေအား လေးခွနဲ့ပစ်ပြီး ဓားနဲ့ခုတ်နေကြောင်း သတင်းရလို့ ထီလုံနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တွေအပါအဝင် ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဖမ်းဆီးရာမှာ ဦးစံမြင့်က အရိုး/အသွား ၂ ပေခန့်ရှိ ဓားမ ၁ ချောင်းအား ကိုင်ဆောင်ထားတာကို တွေ့ရှိတာကြောင့် အသာတကြည်အဖမ်းခံဖို့ ပြောဆိုပေမယ့် ရဲတပ်ဖွဲ့ဝင်တွေကို ဓားနဲ့ခုတ်ဖို့ ပြေးဝင်လာတာကြောင့် ပြောင်းချောသေနတ်နဲ့ ၁ ချက် သတိပေး ပစ်ခတ်ခဲ့ရာ ဝမ်းဗိုက် ဖူးရောင်ပေါက်ပြဲ ဒဏ်ရာတွေ(မစိုးရိမ်ရ) ရရှိခဲ့လို့ ဘားအံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။ ဦးစံမြင့်(ခ)ရဲဘော်မှ လေးခွနဲ့ပစ်၊ ဓားနဲ့ခုတ်တာကြောင့် တရွာတည်းနေ  ရွာသား ၃ ဦးတို့ နဖူး၊ လက်ဖျံ၊ ရင်ဘတ်၊ တင်ပါးဖူး ရောင်ပြတ်ရှဒဏ်ရာ ၄ ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဘားအံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင် ကုသခဲ့ထားတယ်လို့ သိရပါတယ်။ ဦးစံမြင့်အား ထီလုံနယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၂၆ (ဘေးဖြစ်စေတတ်သော လက်နက်ဖြင့် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၂၉၄/၃၂၅ (ဆဲဆိုမှု)၊ မိမိအလိုအလျောက် အပြင်းအထန် နာကျင်စေမှု)၊ ပုဒ်မ ၃၅၃ (တာဝန်ထမ်းဆောင်နေသော ပြည်သူ့ဝန်ထမ်းအား ဟန့်တားရန် လက်ရောက်မှု) စတဲ့ ပုဒ်မတွေနဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
2 years Ago
Up