မူးယစ်မှုဖြင့် ဖမ်းဆီးတရားစွဲထားသူ ၄ ဦးအား ပုဒ်မနှစ်ခုဖြင့် ထပ်မံအမှုဖွင့်

A d v e r t i s e m e n t With Us

January 9, 2020

မူးယစ်မှုဖြင့် ဖမ်းဆီးတရားစွဲထားသူ ၄ ဦးအား ပုဒ်မနှစ်ခုဖြင့် ထပ်မံအမှုဖွင့်

ပြည်ကြီးတံခွန်မြို့မရဲစခန်းနဲ့ နောင်ချိုနယ်မြေရဲစခန်းမှာ မူးယစ်မှုနဲ့ ဖမ်းဆီးတရားစွဲဆို ခံထားရသူတွေကို ၂ နှစ်အကြာမှာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၊ တရားမဝင်သော နည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေးဥပဒေပုဒ်မတွေနဲ့ ထပ်မံအမှုဖွင့် လိုက်တယ်လို့ မန္တလေးခရိုင်တရားရုံးက သိရပါတယ်။ ၂၀၁၇ ခုနှစ်က ပြည်ကြီးတံခွန်မြို့မရဲစခန်းနဲ့ နောင်ချိုနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၅(က)/၁၉(က)/၂၁ တွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ကျော်ဝင်း(ခ)လျှိုရုန်းချမ်း၊ ဖူးဝေခိုင်(ခ)အေးအေးမူ၊ တင်မောင်ဝင်းနဲ့ စန်းစန်းဝေတို့ ၄ ဦးကို ဇန်နဝါရီ ၇ ရက်နေ့က ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ အမှု ထပ်မံဖွင့်လှစ်လိုက်တာပါ။ အဆိုပါ လူလေးဦးကို ထပ်မံစစ်ဆေးခဲ့ရာမှာ မူးယစ်ဆေးဝါးရောင်းချရာက ရရှိလာတဲ့ ငွေတွေနဲ့ မန္တလေး၊ တောင်ကြီး၊ ကလေးနဲ့ လွိုင်ကော်မြို့တွေမှာ တိုက်တာနေအိမ်တွေနဲ့ ကားတွေ ဝယ်ယူထားတယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တာကြောင့် အမှုထပ်ဖွင့်တာလို့ သိရပါတယ်။ ကျော်ဝင်း(ခ)လျှိုရုန်းချမ်း၊ ဖူးဝေခိုင်(ခ)အေးအေးမူ၊ တင်မောင်ဝင်းနှင့် စန်းစန်းဝေတို့ လေးဦးလုံးကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၄၃၊ ကျော်ဝင်း(ခ)လျှိုရုန်းချမ်း၊ ဖူးဝေခိုင် (ခ) အေးအေးမူတို့ကို တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့် ငွေကြေးနှင့်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေပုဒ်မ ၂၂ နဲ့ ပြည်ကြီးတံခွန် မြို့မရဲစခန်းမှာ ထပ်မံအမှုဖွင့် လှစ်ခဲ့တာလို့ မန္တလေးခရိုင် တရားရုံး၊ ပြန်ကြားရေးအရာရှိ ဦးမောင်လွင်က ပြောပါတယ်။ တရားခံတွေဘက်က ရှေ့နေငှားရမ်းလိုကြောင်း တင်ပြတဲ့အတွက် ငှားရမ်းနိုင်ဖို့ အမှုကို ဇန်နဝါရီ ၉ ရက်နေ့ ပြန်လည်ချိန်းဆိုထားတယ်လို့ ဆိုပါတယ်။ ဒီလေးဦးကို မူးယစ်မှုတွေနဲ့ တရားစွဲဆိုဖမ်းဆီးထားတာဖြစ်ပြီး အိုးဘိုထောင်အတွင်းကနေ နှစ်နှစ်ကျော် တရားရင်ဆိုင်နေရတာပါ။ ထိန်ထိန်လင်း
1 year Ago
Up