မူးယစ်တိုက်ဖျက်

September 23, 2021

မူးယစ်တိုက်ဖျက်ရာတွင် ဘောင်ကျော်ဆောင်ရွက်သူများကို တာဝန်ခံခိုင်းမည်ဟု သမ္မတဒူဒါတေ ပြော

ဖိလစ်ပိုင်နိုင်ငံက မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုအတွင်း ဘောင်ကျော် ဆောင်ရွက်ကြောင်း တွေ့ရှိရသူ ဘယ်သူ့ကိုမဆို နိုင်ငံ့ဥပဒေအရ တာဝန်ခံခိုင်းမယ်လို့ သမ္မတ ရိုဒရီဂို ဒူဒါတေက စက်တင်ဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

 ၂၀၁၆ မှာ သူ အာဏာရပြီးတည်းက မူးယစ်ဆေးရောင်းဝယ်သူနဲ့ သုံးစွဲသူလို့ သံသယရှိသူ အယောက် ၆၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ဒီအရေးယူ လုပ်ဆောင်ချက်ကို ပြန်သုံးသပ်ဖို့ တရားရေး ဌာနနဲ့ ရဲတပ်ဖွဲ့ကို ညွှန်ကြားပြီးပြီလို့လည်း ဒူဒါတေက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ပြောပါတယ်။

အရင်အပတ်က နိုင်ငံတကာ ရာဇဝတ်မှု ခုံရုံးမှာ စုံစမ်းစစ်ဆေးဖို့ အတည်ပြုခဲ့တဲ့ လူသားထု အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်နိုင်ချေအတွက် တရားဝင် စုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး ဒူဒါတေက မရည်ညွှန်းခဲ့ပါဘူး။ 

“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ကုလသမဂ္ဂနဲ့ ပူးတွဲ အစီအစဉ်ကို လောလောလတ်လတ်ပဲ အဆုံးသတ်ခဲ့ပြီးပြီ။ ဒါဟာ အချုပ်အခြာပိုင် အဖွဲ့ဝင် နိုင်ငံနဲ့ ကုလသမဂ္ဂ ကြား အပြုသဘောဆောင်တဲ့ စံပြ ထိတွေ့ဆက်ဆံမှုပဲ” လို့ ဒူဒါတေက ပြောပါတယ်။

 ဖိလစ်ပိုင်အစိုးရဟာ ဖိလစ်ပိုင်နိုင်ငံအတွင်း ဘယ်လို စုံစမ်းစစ်ဆေးသူကိုမှ ဝင်ခွင့်ပြုမှာ မဟုတ်သလို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC နဲ့ ပူးပေါင်းဆောင်ရွက်မှာလည်း မဟုတ်ဘူးလို့ အရင်အပတ်က ပြောခဲ့ပါတယ်။

 သတ်ဖြတ်မှုတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့သာ ဖြစ်တယ်လို့ ဒူဒါတေနဲ့ ရဲချုပ်တို့က ပြောပြီး ဖိလစ်ပိုင်ရဲ့ကိစ္စရပ်တွေကို ဝင်ရောက်စွက်ဖက်ဖို့ ICC မှာ အခွင့်အရေး မရှိဘူးလို့လည်း အခိုင်အမာ ပြောခဲ့ကြပါတယ်။

2 years Ago
Up