မူးယစ်တရားခံပြေး

October 31, 2020

ကျောက်မဲတွင် မူးယစ်တရားခံပြေးအား ဖမ်းဆီးစဉ် ပြန်ခုခံသဖြင့် ပစ်ခတ်ဖမ်းဆီး၊ ၂ ဦးသေဆုံး

ရှမ်းပြည်နယ်၊ ကျောက်မဲမြို့မှာ အောက်တိုဘာ ၃၀ နေ့က မူးယစ်တရားခံပြေးရဲ့ နေအိမ်အား ပူး​ပေါင်းအဖွဲ့က ဝင်ရောက်ဖမ်းဆီးစဥ် ပစ္စတိုသေနတ်နဲ့ ပြန်လည်ခုခံတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့​​ရာ ၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ကျောက်မဲမြို့၊ အမှတ် (၈) ရပ်ကွက်က တရားခံပြေးနေအိမ်ကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးရာမှာ တရားခံပြေးက တပ်ဖွဲ့ဝင်ရဲ့ လက်တွင်းက သေနတ်အား လုယူခဲ့သလို တရားခံပြေးရဲ့ အိမ်တွင်းနေသူတဦးက ပစ္စတိုသေနတ်နဲ့ ပစ်ခတ်တာကြောင့် ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ တရားခံ ၂ ဦးလုံး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့တယ်လို့ ကျောက်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှုး ဦးနိုင်ဝင်းကပြောပါတယ်။ ဖမ်းဆီးရာ တပ်ဖွဲ့ဝင် ၁ ဦး ဦးခေါင်းဒဏ်ရာရရှိပြီး ၅ ချက် ချုပ်ခဲ့ရပေမဲ့ မစိုးရိမ် ရတော့ဘူးလို့ သိရပါတယ်။ ကျောက်မဲမြို့မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ဆောင်ရွက်နေပေမဲ့ ဒီနေ့ထိ မူးယစ်ဆေးသုံးစွဲရောင်းဝယ်မှုတွေ လျော့ကျသွားတာ မရှိသေးဘူးလို့ မြို့နယ်ကိုယ်စားလှယ်လောင်းတဦးက ပြောပါတယ်။ ပူး​ပေါင်းအဖွဲ့က နေအိမ်တွင်းမှာ ဘိန်းဖြူ ဆပ်ပြာခွက် ၈ ခွက်၊ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၅၀ ပြားတို့နဲ့အတူ မူးယစ်ဆေးသုံးစွဲဖို့ ရောက်ရှိနေတဲ့ အမျိုးသား ၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့​တယ်လို့ သိရပါတယ်။ သေဆုံးသူ ၂ ဦးနဲ့ ဖမ်းဆီးမိတဲ့ အမျိုးသား ၃ ဦးတို့အား ကျောက်မဲမြို့မ ရဲစခန်းမှ မယ(ပ) ၄၉/၂၀၂၀၊ မူးစိတ်ပုဒ်မ ၁၉(က)/၂၁/၂၂(ခ) တို့နဲ့ အမှုဖွင့် အရေးယူနေတယ်လို့ သိရပါတယ်။
1 year Ago
Up