မူးယစ်ဆေးဝါးဖမ်းဆီး\

A d v e r t i s e m e n t With Us

September 29, 2020

သီပေါတွင် မူးယစ်ဆေးဝါးဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျဆုံး

ရှမ်းပြည်နယ်၊ သီပေါမြို့မှာ မနေ့ နေ့လယ်ပိုင်းက  မူးယစ်ဆေးဝါးဖမ်းဆီးရာမှာ   အပြန်အလှန် ပစ်ခတ်တာကြောင့်  ရဲတပ်ဖွဲ့ဝင် ၁ ယောက် ကျဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေဟာ သတင်းအရ သီပေါတံတားအဝင်မှာ လားရှိုးမြို့ကနေ သီပေါမြို့ဘက်ကို မောင်းနှင်လာတဲ့ Mark II အမျိုးအစား မော်တော်ယာဉ်ကို စစ်ဆေးဖို့ တားဆီးခဲ့တာမှာ နောက်ပြန်လှည့်မောင်းနှင်ထွက်ပြေး သွားပါတယ်။ အတားအဆီးတွေနဲ့ ပိတ်ဆို့ခဲ့တာကြောင့် ကားရပ်တန့်ပြီး အမျိုးသား ၃ ယောက် ဆင်းလာကာ ၁ ယောက်က သေနတ်အတိုနဲ့ပစ်ခတ်လို့ အပြန်အလှန် ပစ်ခတ်ခဲ့တယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ သေနတ်နဲ့ပစ်တဲ့ အမျိုးသားက ထွက်ပြေးလွတ်မြောက်သွားပြီး ကျန် ၂ ယောက်ကိုတော့ အရှင်ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။ အပြန်အလှန်ပစ်ခတ်တာကြောင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ရဲတပ်ကြပ်ကြီး အေးလွင်မှာ ကျည်ထိမှန်ကျဆုံးခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့သူတွေကတော့ သီပေါမြို့နယ် နမ့်လန်ရွာနေ စိုင်းစံဌေးနဲ့ ကျောက်မဲမြို့နယ် မိုင်းတင်းရွာနေ စိုင်းမွမ်းဦးတို့ဖြစ်ပြီး ထွက်ပြေးလွတ်မြောက်သွားသူကတော့ မိုင်းကိုင်မြို့နယ် ရပ်ကွက် ၂ မှာ နေတဲ့ စိုင်းစောထွန်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကားပေါ်ကနေ ဘိန်းဖြူ ၁၁၀ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁,၉၉၅ ပြား၊ ပွိုင့် ၂၂ ကျည် ၁၇ တောင့် တို့ကို သိမ်းဆည်းရမိခဲ့ပြီး ကျဆုံးသွားတဲ့  တပ်ဖွဲ့ဝင်ရဲ့ ကျန်ရစ်သူ မိသားစုကို လူမှုရေးထောက်ပံ့ပေးမယ်လို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဓာတ်ပုံ- နန်းစပယ်
5 months Ago

July 10, 2020

ရေးမြို့၌ မူးယစ်ဆေးဝါးဖမ်းဆီးစဉ် တပ်ကြပ်ကြီး ၁ ဦး သေနတ်ထိမှန်သေဆုံး

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ စုံနံ့သာကျေးရွာ ရာဘာခြံတဲမှာ မူးယစ်ဆေးဝါး ရောင်းချနေကြောင်းသတင်းရ သွားရောက်ဖမ်းဆီးစဉ် တပ်ကြပ်ကြီး ၁ ဦး သေနတ်ထိမှန် သေဆုံးသွားခဲ့တယ်လို့ ရဲအရာရှိတဦးက ပြောပါတယ်။  မူးယစ်တပ်ဖွဲ့စု ၃၉ မှ ရဲတပ်ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်သားတချို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဝင် ဇူလိုင် ၈ ရက်နေ့ မနက် ၂ နာရီအချိန်က သွားရောက်ဖမ်းဆီးရာမှာ ရာဘာခြံတဲပေါ်မှာ အဒီ၊ အမိန်း နဲ့ မင်းတင်မွန်တို့ ၃ ဦးနဲ့အတူ စိတ်ကြွဆေးပြား စုစုပေါင်း ၇၄ ပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ အဒီရဲ့ အစ်ကိုဖြစ်သူ အချိုင်ဆီကနေ စိတ်ကြွဆေးဝယ်ယူထားတာ စစ်ဆေးပေါ်ပေါက်ပြီး လိုက်လံဖမ်းဆီးရာ စုံနံသာကျေးရွာမှ ဆက်သွယ်ကျေးရွာသွားတဲ့ ရွာချင်းဆက်လမ်း ခြံအတွင်းရှိ တဲကနေ ထွက်ပြေးသွားသူ ၂ ဦးထဲမှ အချိုင်က သေနတ်နဲ့ ၂ ချက် ပစ်ခတ်ခဲ့တဲ့အတွက် တပ်ကြပ်ကြီး မောင်သိန်းမှာ ညာဘက်ပေါင်ရင်း ၁ ချက်နဲ့ ဘယ်ကျော လက်ပြင်အောက် ကျည်ကာအင်္ကျီ ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိတယ်လို့ ရဲအရာရှိက ပြောပါတယ်။ သေနတ်ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီးအား အမှတ်(၅) တပ်မတော် ဆေးရုံကုတင် ၃ဝဝ ကို ပို့ဆောင်ပေးပြီး ဇူလိုင် ၈ ရက်နေ့ ည ၆ နာရီ ၄၅ မိနစ်ချိန်မှာ သေဆုံးသွားခဲ့တာပါ။ ရေးမြို့မရဲစခန်းမှာ တပ်ကြပ်ကြီး ၁ ဦးသေဆုံးမှုနဲ့ ပက်သက်ပြီး အချိုင်ကို ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ရေးထားပြီး ကွင်းဆက်တရားခံတွေကို ရဲတပ်ဖွဲ့က ထပ်မံဖော်ထုတ်ဖမ်းဆီး သွားမယ်လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။ နေမျိုးထွဋ် 
8 months Ago
Up