မူးယစ်ဆေးဓာတ်ခွဲခန်း

October 23, 2019

လျှို့ဝှက်လိုဏ်ခေါင်းနှင့် မူးယစ်ဆေးဓာတ်ခွဲခန်းကို မက္ကဆီကို လုံခြုံရေးတပ်ဖွဲ့ စီးနင်း

မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့မှာ အောက်တိုဘာ ၂၂ ရက်က  လျှို့ဝှက်လိုဏ်ခေါင်းတွေနဲ့ မူးယစ်ဆေး ဓာတ်ခွဲခန်းတွေလို့ ယူဆရတဲ့နေရာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့ပါတယ်။ မူးယစ်ဆေးဝါးတွေနဲ့ ဖောက်ခွဲရေး လက်နက်တွေကို သိမ်းဆည်းရမိခဲ့ပြီး သံသယရှိဖွယ် ဂိုဏ်းသား ၃၁ ယောက်ကိုလည်း ဖမ်းဆီးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ တရားမဝင် မှောင်ခိုလုပ်ငန်းတွေ လုပ်ကိုင်တယ်လို့ အရင်ကတည်းက နာမည်ကြီးနေတဲ့ မက္ကဆီကိုစီးတီးမြို့ တီပီတိုဒေသက အဆောက်အအုံတခုထဲကို ဒါဇင်နဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံရေးအဖွဲ့ဝင်တွေ ဝင်ရောက်စီးနင်းခဲ့တယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။ မူးယစ်ဆေးအတုလုပ်တဲ့ ဓာတ်ခွဲခန်း နှစ်ခန်းနဲ့ အလေးချိန်ကီလိုဂရမ် ၅၀ ရှိတဲ့ ဓာတုဒြပ်ပေါင်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မက္ကဆီကို စီးတီးမြို့ အများပြည်သူ လုံခြုံရေး ဆိုင်ရာအတွင်းရေးမှူး အိုမာဂါရီစီယာက ပြောပါတယ်။ အင်္ဂါနေ့က ဝင်ရောက်စီးနင်းမှုအတွင်း ဆေးခြောက် အလေးချိန် နှစ်တန်၊ ကိုကင်း အလေးချိန်ကီလို ၂၀ အပြင် အရေအတွက် အတိအကျမသိတဲ့ ငွေတွေနဲ့ လောင်ချာ၊ ဗုံး စတဲ့ လက်နက်ပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။ ဒါ့အပြင် လူပေါင်း ၃၁ ယောက်ကိုလည်း ဖမ်းဆီးခဲ့ပါတယ်။ တီပီတိုဒေသဟာ The Union  ဂိုဏ်းအဖွဲ့နဲ့ တခြား ရာဇဝတ်ဂိုဏ်းအဖွဲ့တွေ နှစ်ပေါင်းများစွာ လှုပ်ရှားနေတဲ့ဒေသ ဖြစ်ပေမယ့် အင်္ဂါနေ့က ဝင်ရောက်စီးနင်းမှုနဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲမှာတော့ အမည်မသိ ဂိုဏ်းအဖွဲ့လို့သာ အာဏာပိုင်တွေက ရည်ညွှန်း ဖော်ပြခဲ့ပါတယ်။ 
2 years Ago
Up