မူးယစ်ကုန်ကူးလုပ်ငန်းစု

A d v e r t i s e m e n t With Us

January 24, 2021

အာရှမူးယစ်ကုန်ကူးလုပ်ငန်းစုကြီး၏ ခေါင်းဆောင်ကို နယ်သာလန်ရဲ ဖမ်းမိ

ကမ္ဘာ့အလိုချင်ဆုံး ဝရမ်းပြေးတွေထဲက တယောက်ဖြစ်တဲ့ အာရှမူးယစ်ကုန်ကူး လုပ်ငန်းစုကြီးရဲ့ ခေါင်းဆောင်လို့ စွပ်စွဲခံထားရသူကို ဖမ်းမိပြီလို့ နယ်သာလန် ရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။ တရုတ်နိုင်ငံမှာ မွေးပြီး ကနေဒါနိုင်ငံသားအဖြစ် ခံယူထားသူ ရှဲ့ချင်းလော့ကို သြစတြေးလျ ရဲတပ်ဖွဲ့ရဲ့ တောင်းဆိုချက်အရ ဇန်နဝါရီ ၂၂ ရက်မှာ ဖမ်းခဲ့တာပါ။ သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့က ရှဲ့ကို စန်းကောမူးယစ်လုပ်ငန်းစုရဲ့ အကြီးတန်း ခေါင်းဆောင်အဖြစ် ဖော်ထုတ်ထားပါတယ်။ ဒီအုပ်စုဟာ ၂၀၁၅ နောက်ပိုင်း မူးယစ်ကုန်ကူးမှု ၁၃ မှုထက် မနည်းမှာ တိုက်ရိုက် ဒါမှမဟုတ် ချိတ်ဆက် ပတ်သက်နေတယ်လို့ စာရွက်စာတမ်းတွေက ဖော်ပြထားပါတယ်။  သူ့ကို ဖမ်းမိပြီး ဆက်လက် စုံစမ်းစစ်ဆေးမှုအရ သူ့အဖွဲ့အစည်းဟာ အာရှပစိဖိတ်ဒေသမှာ တနှစ်ကို အမေရိကန်ဒေါ်လာ ၇၀ ဘီလီယံဖိုး ဈေးကွက်ကို လွှမ်းမိုးထားတာ တွေ့ရတယ်လို့ နယ်သာလန် ရဲတပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ နယ်သာလန်မြို့တော် အမ်စတာဒမ်က စခီပိုလေဆိပ်မှာ ရှဲ့ချင်းလော့ကို အမျိုးသား ရဲတပ်ဖွဲ့က ပြဿနာ မရှိဘဲ ဖမ်းခဲ့တယ်၊ သူ့ကို တရားသူကြီးတွေက စစ်ဆေးပြီးရင် ရာဇဝတ်သား လွှဲပြောင်းမယ့် လုပ်ငန်းစဉ်နဲ့ သက်ဆိုင်ရာကို လွှဲပေးဖို့ မျှော်လင့်ထားတယ်” လို့ ရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။  နယ်သာလန် ရဲတပ်ဖွဲ့က တရားရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် မပြောခဲ့သလို ရှဲ့မှာ ရှေ့နေရှိသလားဆိုတာလည်း ရှင်းရှင်း လင်းလင်း မသိရသေးပါဘူး။ အရင်က တိုရွန်တိုမြို့မှာ နေခဲ့တဲ့ ရှဲ့ဟာ လတ်တလောနှစ်တွေမှာ မကာအို၊ ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာ ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ လေးနိုင်ငံက မူးယစ်တိုက်ဖျက်ရေး အရာရှိတွေနဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
1 month Ago
Up