မူးယစ်​​ဆေးဝါးနှင့် လက်​နက်​များ ​တောင်​ငူမြို့တွင် ဖမ်းဆီးရမိ

August 12, 2018

မူးယစ်​​ဆေးဝါးနှင့် လက်​နက်​များ ​တောင်​ငူမြို့တွင် ဖမ်းဆီးရမိ

ပဲခူးတိုင်း​ဒေသကြီး တောင်​ငူမြို့နယ်​ ကံရိုး​ကျေးရွာ ရန်​ကုန်​၊ မန္တ​လေး ကားလမ်းမ​ဟောင်း​ ဘေးရှိ သွန်း​ရွှေစင်စတိုး​ဆိုင်​​ရှေ့မှာ အမျိုးသားတဦးဆီကနေ WY​ စိတ်ကြွဆေးပြားတွေနဲ့  လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိခဲ့တယ်​လို့​ တောင်​ငူခရိုင် ​ရဲတပ်​ဖွဲ့က ပြောပါတယ်​။ ဖားသုဟာ​ တောင်​ငူအမှတ်​ ၃ နယ်​​မြေရဲစခန်းက မူးယစ်ဆေးဝါးများနှင့် စိတ်ကို ပြောင်းလဲစေသော​ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/၁၉(ဂ)/၂ဝ(က)/၂၂(ခ)/၂၁ နဲ့ အမှုဖွင့်ခံ ထားရတဲ့ တရားခံ​ပြေးတဦးဖြစ်ပြီး ဖမ်းဆီးရမိရေးအတွက် အမာခံသတင်း​ပေး​တွေ၊ မူးယစ်​ အထူးအဖွဲ့ငယ်​​တွေ၊ နယ်​​မြေခံရဲစခန်း​တွေ​ပေါင်းပြီး စောင့်ကြည့်ခဲ့တာလို့ ပဲခူးတိုင်း​ဒေသကြီး ရဲတပ်​ဖွဲ့ မူးယစ်​အထူးအဖွဲ့ငယ်​မှ ရဲအုပ်​တင်​ဦးက ပြောပါတယ်။ “သူဟာ ​တောင်​ငူမြို့ကို မကြာမကြာ လာ​ရောက်​တယ်​လို့ သတင်းရရှိတယ်​။ အဲ့ဒါ​ကြောင့် ကျနော်​တို့ရဲ့​စောင့်ကြည့်တဲ့အခါမှာ ၁ဝ ရက်​​နေ့ညက လမင်းအိမ်​တည်းခိုခန်းမှာ လာပြီး​တော့ တည်းတယ်​လို့ အမာခံသတင်း​ပေးက​ပြောပါတယ်​။ သူ့မှာ လက်​နက်​​တွေ၊ လက်​ပစ်​ဗုံး​တွေ ပါတယ်​လို့လည်း သတင်းရထားပါတယ်​။ ဒီ​ကောင်​က လက်​ကလည်း ယဉ်​တယ်​။ သူ့ကိုဖမ်းတာ နဲ့ လက်​ပစ်​ဗုံးနဲ့ခွဲမယ်​ သေနတ်​နဲ့ပစ်​မယ်​လို့ သတင်း​တွေလည်း ရတဲ့အတွက်​​ သေချာစီမံပြီး​ ဖမ်းဆီးဖို့​ဆောင်​ရွက်​ပါတယ်​။ အဲ့အချိန်​မှာ သူက လမင်းအိမ်​တည်းခိုခန်းက ကားနဲ့ထွက်​သွား ပါတယ်​။ ကျနော်​တို့ ​နောက်​​ယောင်​ခံလိုက်​ပြီး ​တောင်​ငူမြို့နယ် ​ကံရိုး​ကျေးရွာက သွန်း​ရွှေစင် ​စတိုးဆိုင်​​ရှေ့မှာ ကားရပ်​ပြီး ကား​ပေါ်က ဆင်းဆင်​ချင်းမှာ ဖမ်းဆီးခဲ့ပါတယ်​။” တရားခံပြေး ဖားသုဆီကနေ ငွေ ၂၂ သိန်း​ကျော်၊ မူးယစ်​ဆေးဝါး ၅၄၈၁ ပြား၊ M-38 ပစ္စတိုစတီးရောင် BABILON DOY CIAVITORIA (အင်္ဂလိပ်စာတမ်းပါ) ၁ လက်၊ 9MM ပစ္စတိုကျည် ၅ တောင့်၊ ၃၈ SUPER AUTO စာတမ်းပါ ကျည်​ ၇​ တောင့်၊ ပွိုင့်တူးတူးကျည် ၆​ တောင့်၊​ ရွှေရောင်​ဆေးမှုတ်​ထားတဲ့ နာနတ်သီးဗုံး တ​လုံး၊ ငွေရောင်ခြောက်လုံးပြူး​သေနတ်​ ပုံစံ ဂက်စ်မီးခြစ် ၁ ခုနဲ့ MARK-X အမျိုးအစား ခဲရောင်ဆလွန်းကားတ​စီးတို့ သိမ်းဆည်းရမိခဲ့တယ်​ လို့လည်း သိရပါတယ်​။ သတင်း - သားကြီး (တောင်ငူ)
3 years Ago
Up