မူးယစ်မှောင်ခို

March 2, 2018

မူးယစ်မှောင်ခို တိုက်ဖျက်ရေး ကူညီပေးရန် အမေရိကန်ကို ဂွါတီမာလာ တောင်းဆို

မူးယစ်ဆေးဝါး မှောင်ခိုကူးမှု တိုက်ဖျက်ရေးအတွက် အကူအညီပေးဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံတမန် နစ်ကီ ဟေလီရဲ့ဂွါတီမာလာခရီးစဉ်မှာ  တောင်းဆိုခဲ့တယ်လို့ ဂွါတီမာလာ ပြည်ထဲရေးဝန်ကြီးက  ပြောပါတယ်။ လိုအပ်တဲ့ အကူအညီတွေအတွက် ဆွေးနွေးခဲ့ပြီး လက်ရှိပေးနေတဲ့ အကူအညီ တိုးလာစေချင်တာကြောင့် တောင်းဆိုခဲ့တာလို့  ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။ လက်ရှိမှာလည်း ဂွါတီမာလာကို အကူအညီတွေပေးနေတဲ့ အမေရိကန်အစိုးရ အေဂျင်စီတွေရှိပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိတယ်လို့ ၀န်ကြီး ကပြောပါတယ်။ ကာကွယ်ရေးဝန်ကြီးကတော့ ဂွါတီမာလာမှာဖြစ်နေတဲ့ ခြိမ်းခြောက်မှုဟာ အမေရိကန်အပေါ်ကျ ရောက်နေတဲ့ ခြိမ်းခြောက်မှုပဲဖြစ်လို့ မူးယစ်ဆေးဝါးမှောင်ခိုမှုကို လက်တွဲ တိုက်ဖျက်သွားမယ်လို့ ပြောပါတယ်။ ဗဟိုအမေရိက နိုင်ငံတွေနဲ့ မက္ကဆီကိုကနေတစ်ဆင့် ပီရူးနဲ့ ကိုလံဘီယာကိုဖြတ်ပြီး အမေရိကန်နိုင်ငံထဲကို ကိုကင်းတွေ ၀င်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဝေဖန်ပြောဆိုပြီး တလအကြာမှာ နစ်ကီဟေလီရဲ့ ဂွါတီမာလာ ခရီးစဉ်ထွက်ပေါ်လာတာပါ။ အမေရိကန်နိုင်ငံထဲ မူးယစ်ဆေးဝါးတွေ ၀င်လာတဲ့ လမ်းကြောင်းပေါ်က နိုင်ငံတွေအနေနဲ့ မူးယစ်ဆေးတွေ စီးဝင်မှု ရပ်တန့်သွားအောင် မလုပ်နိုင်ဘူးဆိုရင် အကူအညီ ပေးတာတွေကိုလည်း ရပ်ဆိုင်းမယ်လို့ သမ္မတ ထရမ့်က အစောပိုင်းမှာ ပြောထားပါတယ်။
3 years Ago

May 21, 2015

အင်ဒိုနီးရှားတရားရုံးက အသက် ၇၃ အရွယ် ဂျပန်နိုင်ငံသားကို မူးယစ်မှောင်ခိုမှုဖြင့် ထောင်တသက်တကျွန်း ချမှတ်

အင်ဒိုနီးရှားတရားရုံးက အသက် ၇၃ နှစ်အရွယ် ဂျပန်နိုင်ငံသား မာဆာရု ကာဝါဒါကို မူးယစ်မှောင်ခိုမှုနဲ့ ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် မေ ၂၀ ရက်နေ့က စီရင်လိုက်ပါတယ်။ သူ့ရဲ့ ခရီးဆောင်အိတ်ထဲမှာ မက်သာ ဖက်တာမင်း ပုံဆောင်ခဲ စိတ်ကြွဆေး ၂ ကီလို တွေ့ခဲ့လို့ သူကို နိုဝင်ဘာလက အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမားတြားခရိုင်ရဲ့ မြို့တော် ပဒန်က မီနန်ခါဘောင် နိုင်ငံတကာလေဆိပ်မှာ ဖမ်းမိခဲ့တာပါ။   သူအသက်အရွယ်ကြောင့် ထောင်ဒဏ်ကို ၁၆ နှစ်ကို လျှော့ပေါ့ပေးဖို့ အစိုးရရှေ့နေချုပ် ဘူဒီ ပရီဟယ်ဒါက ပြောခဲ့ပါတယ်။ ဒါပေမယ့် တရားသူကြီး ဂျွန် အီဖရက်ဒီက ပြစ်ဒဏ်ကို လျော့ပေးဖို့ အကြောင်းပြချက် ရှာမတွေ့ဘူးလို့ ပြောပါတယ်။ ကာဝါဒါရဲ့ ရှေ့နေကတော့ သူအဖမ်းခံရချိန်မှာ သူအိတ်ထဲမှာ စိတ်ကြွဆေးတွေ သယ်လာမိတာကို သူမသိခဲ့ဘူးလို့ ပြောပါတယ်။ ကာဝါဒါကို တရုတ်အမျိုးသမီး တယောက်က မကာအိုမှာ တွေ့ချိန်က ပဒန်မှာ ရှိတဲ့ သူငယ်ချင်းကို အိတ်တလုံး သယ်သွားပေးဖို့ ပြောခဲ့တယ်လို့ ကာဝါဒါက လူတွေ့မေးမြန်းချိန်က ပြောတဲ့အကြောင်း ကျိုဒိုသတင်းဌာနက အစီရင်ခံပါတယ်။ စိတ်ကြွဆေးကို အဲဒီိအိတ်ထဲမှာ တွေ့ခဲ့တာပါ။ သူဟာ မကာအိုကနေ ကွာလာလမ်ပူ အဲဒီကမှ တဆင့် ပဒန်ကို လာခဲ့တာ ဖြစ်ပြီး ကာဝါဒါကတော့ တရားရုံးက သူကို သေဒဏ်ပေး ရင် သူကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကို လိုအပ်တဲ့ အင်ဒိုနီရှားပြည်သူတွေကို လှူမယ်လို့ ကတိပြုခဲ့တယ်လို့ ကျိုဒိုသတင်းဌာနက အစီရင်ခံပါတယ်။ ကာဝါဒါရဲ့ရှေ့နေ ကတော့ အယူခံဝင်ဦးမယ်လို့ ပြောပါတယ်။ ကာဝါဒါကတော့ သူကို တရားရုံးက အပြည့်အဝ ကြားနာ စစ်ဆေးမှု မရှိဘူးလို့ ပြောပါတယ်။ သူရေးတဲ့ စာမှာပါတဲ့ အချက်အလက်ကို အကုန်မဖတ်ရသေးဘူးလို့လဲ ပြောပါတယ်။ အင်ဒိုနီးရှားဟာ ကမ္ဘာပေါ်မှာ မူးယစ်ကုန်ကူးမှု ဥပဒေ အတင်းကြပ်ဆုံး နိုင်ငံတွေထဲက တနိုင်ငံပါ။ နိုင်ငံတွင်း မူးယစ်ကုန်ကူးသူတွေဟာ များသောအားဖြင့် သေဒဏ်ကို ရင်ဆိုင်ရလေ့ ရှိပါတယ်။ ဧပြီလကလည်း အင်ဒိုနီးရှားဟာ နိုင်ငံအတော်များများက မူးယစ်ကုန်ကူးသူ ၈ ယောက်ကို သေနတ်ပစ်တပ်ဖွဲ့ သုံးပြီး သေဒဏ်ပေးခဲ့ပါသေးတယ်။ ဒါကြောင့် ဘရာဇီးနဲ့ သြစတြေးလျတို့က သူတို့ သံတမန်တွေကို အင်ဒိုနီးရှားကနေ ပြန်ခေါ်ထုတ်ခဲ့ပါတယ်။
6 years Ago
Up