မူးယစ်ဆေးနှင့်ဆေးလိပ်ဆန့်ကျင်ရေး အဘိုးအိုတဦး မိုင် ၁၀၀၀ကျော် စက်ဘီးစီးမည်

December 3, 2017

မူးယစ်ဆေးနှင့်ဆေးလိပ်ဆန့်ကျင်ရေး အဘိုးအိုတဦး မိုင် ၁၀၀၀ကျော် စက်ဘီးစီးမည်

  စစ်တွေမြို့မှာ နေထိုင်တဲ့ အသက် ၆၇ နှစ်အရွယ် ဦးဝင်းမောင်က မူးယစ်ဆေးဝါးနှင့် ဆေးလိပ်ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ စစ်တွေ ရန်ကုန် အသွားအပြန် စက်ဘီးစီးလှုပ်ရှားမှုကို တကိုယ်တော် ပြုလုပ်သွားမယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူ ဦးငပြူးဟာ ၂၀၀၁ ခုနှစ်က နေ ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲအထိ စစ်တွေမြို့ကနေ မြန်မာနိုင်ငံအနှံ့ စက်ဘီးအားကစားလှုပ်ရှားမှုကို ၇ ကြိမ် ဆောင်ရွက်ခဲ့ဖူးပြီး ဖခင်ရဲ့ အားကစားအမွေကို ဆက်ခံတဲ့အနေနဲ့လည်းကောင်း၊ ၄၃ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့လည်းကောင်း၊ မူးယစ်ဆေးဝါးနဲ့ ဆေးလိပ်ဆန့်ကျင်ရေးလှုပ်ရှားမှု အနေနဲ့လည်းကောင်း ဖခင်ဖြစ်သူ စီးနင်းခဲ့တဲ့ စက်ဘီးနဲ့ပဲ စစ်တွေ-ရန်ကုန်-စစ်တွေ အသွားအပြန်ခရီးစဉ်ကို စီစဉ်ခဲ့တာလို့ ဦးဝင်းမောင်က ပြောပါတယ်။ "ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး စစ်တွေကထွက်ပါမယ်။ ရန်ကုန်မှာလုပ်မယ့် ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်နေ့ကို အချိန်မီရောက်ဖို့လိုတဲ့အတွက် စစ်တွေက ရမ်းဗြဲကိုတော့ သင်္ဘောနဲ့ပဲလိုက်ပြီး ရမ်းဗြဲကမှ မအီ၊ တောင်ကုန်၊ သံတွဲ၊ ဂွကနေ ငါးသိုင်းချောင်းလမ်းက ရန်ကုန်ကို ရောက်ပါမယ်။ ရန်ကုန် သုဝဏ္ဏကွင်းက ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို စက်ဘီးနဲ့ ၀င်ပါမယ်။ ရန်ကုန်မှာ သုံးရက်လောက်နားပြီး စက်ဘီးနဲ့ ဧရာဝတီက မြို့နယ်တချို့ရယ်၊ ရခိုင်ပြည်နယ် ဂွကနေပြီး စစ်တွေထိ ကားလမ်းအတိုင်း စက်ဘီးနဲ့ လာမယ်၊ မြို့တိုင်းက အခြေခံပညာကျောင်းတွေမှာ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနဲ့ အားကစားအကြောင်း ဟောပြောပွဲတွေလုပ်ဖို့ စီစဉ်ထားပါတယ်" လို့ ဒီဇင်ဘာ ၃ ရက်နေ့ ခရီးစဉ်ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ ခရီးစဉ်အစအဆုံး မိုင် ၁၀၀၀ ကျော်ရှိပြီး ဒီဇင်ဘာ ၆ ရက်နေ့က စတင်မှာဖြစ်ပြီး ရက် ၂၀ လောက် ကြာမြင့်နိုင်မယ်လို့ သိရပါတယ်။ ဦးဝင်းမောင်ရဲ့ ဖခင် ဦးငပြူးဟာလည်း စက်ဘီးအားကစားသမားဖြစ်ပြီး အသက် ၉၇ နှစ်အထိ စက်ဘီးနဲ့ မြန်မာနိုင်ငံအနှံ့ စက်ဘီးအားကစားနည်းကို မိုင်ပေါင်း သုံးသောင်းကျော်ကို ၇ ကြိမ် တကိုယ်တော်စီးနင်း လှုံ့ဆော်ခဲ့ပြီး ၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲမှာနောက်ဆုံး စီးနင်း ဂုဏ်ပြုခဲ့ပါတယ်။ အခု စက်ဘီးစီး ဂုဏ်ပြုမယ့် ဦးဝင်းမောင်ဟာ ၁၉၆၅ စစ်တွေဆန်ပြဿနာ အရေးအခင်းမှာ ခြေထောက်တဖက် သေနတ်ဒဏ်ရာရပြီး မသန်စွမ်းဖြစ်ခဲ့ရပေမယ့် အားကစား လှုပ်ရှားပြီး အောင်မြင်နိုင်ကြောင်း ပြသနိုင်ဖို့ စက်ဘီးစီးဂုဏ်ပြုပွဲလုပ်ရတာ ဖြစ်ကြောင်းလည်း သိရပါတယ်။
3 years Ago
Up