မူးယစ်ဆေးနှင့်ဓားများ

February 10, 2018

နယူးယောက် ထောင် ၂ ခုထဲ မူးယစ်ဆေးနှင့်ဓားများ ခိုးသွင်းနိုင်ကြောင်း စစ်ဆေးတွေ့ရှိ

အမေရိကန်နိုင်ငံ နယူးယောက်မြို့က အဓိက ထောင် ၂ ခုထဲကို မူးယစ်ဆေးနဲ့ ဓားသွားတွေကို ခိုးသွင်းနိုင်ကြောင်း ရုပ်ဖျက်ထားတဲ့ စုံစမ်းစစ်ဆေးသူက အစီရင်ခံခဲ့ပါတယ်။ ထောင်အရာရှိတယောက်လို ဝတ်စားရုပ်ဖျက်ထားတဲ့ စုံစမ်းစစ်ဆေးသူ တယောက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ မန်ဟတ်တန်နဲ့ ဘရွတ်ကလင်း ထောင်တွေထဲကို ဓားသွားတွေနဲ့ မူးယစ်ဆေးတွေ ခိုးသွင်းနိုင်ခဲ့တယ်လို့ ဖေဖော်ဝါရီ ၈ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာက ဆိုပါတယ်။ ဝန်ထမ်းတွေရဲ့ ကျင့်ဝတ်ဖောက်ဖျက်မှုကို စစ်ဆေးထားတဲ့ အစီရင်ခံစာကို မြို့ရဲ့ စုံစမ်းစစ်ဆေးရေးဌာန DOI က ထုတ်ပြန်ခဲ့တာပါ။ အဲဒီနေ့မှာပဲ မန်ဟတ်တန် ထောင်ထဲကို မူးယစ်ဆေး ခိုးသွင်းမှုနဲ့ ထောင်သား ငါးယောက်နဲ့ အကျင့်စာရိတ္တ ပြုပြင်ရေး အရာရှိ ၂ ယောက်ကို စွဲချက်တင်ပြီး ပြည်ထောင်စု အာဏာပိုင်တွေက အမှုဖွင့်ခဲ့ပါတယ်။ စုံစမ်း စစ်ဆေးမှုအရမြို့ရဲ့ ထောင်တွေထဲမှာ မှောင်ခိုသွင်းမှုက ကပ်ရောဂါလို ဆက်လက် ကူးစက်နေတယ်လို့ DOI အရာရှိတွေက ပြောပါတယ်။ အထူးသဖြင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ရိုက်ကာကျွန်း ထောင်ကြီးဟာ မှတ်လောက် သားလောက် အရှိဆုံးလို့ ဆိုပါတယ်။ ဒီထောင်တွေ ဝင်ပေါက်ကနေ ရုပ်ဖျက်ထားတဲ့ စုံစမ်းစစ်ဆေးသူတွေဟာ လက်နက်တွေ မူးယစ်ဆေးတွေကို ၂၀၁၄ ခုနှစ်က အလားတူ စစ်ဆင်ရေးအတွင်း သွင်းနိုင်ခဲ့ကြပါတယ်။ အကျင့်စာရိတ္တ ပြုပြင်ရေးဌာန DOC တွေရဲ့ လုံခြုံရေး စစ်ဆေးမှုမှာ ဆိုးရွားတဲ့ အပြစ်အနာအဆာတွေကို ၃ နှစ်ကြာအပြီးမှာ ဖော်ထုတ်နိုင်ခဲ့တယ်။ ပြဿနာတွေ ဆက်ရှိနေဆဲပဲလို့ DOI ရဲ့ ကော်မရှင်နာမင်းကြီး မာ့ခ်ပီတာက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ DOC ဘက်ကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ဖေဖော်ဝါရီ ၈ ရက်နေ့န့အထိ မတုံ့ပြန်ခဲ့ပါဘူး။
4 years Ago
Up