မူးယစ်ဆေးဝါး ပင်ရင်းဂိုဏ်းများကို ဖမ်းဆီးနိုင်ရေး အားနည်းနေဟု ရဲမှူးကြီးပြော

June 26, 2016

မူးယစ်ဆေးဝါး ပင်ရင်းဂိုဏ်းများကို ဖမ်းဆီးနိုင်ရေး အားနည်းနေဟု ရဲမှူးကြီးပြော

မူးယစ်ဆေးဝါးရောင်းဝယ် ဖောက်ကားနေတဲ့ ပင်းရင်း ဂိုဏ်းတွေကို ဖမ်းဆီးဖို့ ဆောင်ရွက်နေပေမယ့် နယ်စပ်ဒေသတွေမှာ အခြေစိုက်တာကြောင့် လိုက်လံဖမ်းဆီးရေး အားနည်းနေသေးတယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ - စီမံကိန်းဌာန ဌာနမှူး ရဲမှူးကြီး ဇော်လင်းထွန်းက ပြောပါတယ်။ ဇွန် ၂၆ ရက်နေ့က နေပြည်တော် အန်အိုင်စီစီ ခန်းမ ၂ မှာ ပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်အနားမှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ "မူးယစ်ဆေးဝါးဖမ်းဆီးရရှိမှုတွေမှာ သူဘယ်ကနေသယ်လာတယ်။ ဘယ်သူဆီကလဲ ဒီလောက်အထိပဲရတယ်။ နောက်တဆင့်တွေ့ဖို့ကြတော့ စုံစမ်းဖို့ကြတော့ ခက်သွားပြီး တချို့ဟာတွေက စုံစမ်းလို့ရတယ်၊ ရတဲ့ သတင်းအတွင်းပိုင်းက ဘယ်ရောက်သွားလဲဆိုတာ့ နယ်စပ်ဘက်ကို ရောက်သွားတယ်။ အဲလိုရောက်သွားတဲ့အတွက် ကျနော်တို့ လိုက်နိုင်ဖို့ အားနည်းနေသေးတာပါ။" ဒီအခမ်းအနားကို ဒုသမ္မတ ဦးမြင့်ဆွေလည်း တက်ရောက်ခဲ့ပြီး အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၈ ဖွဲ့နဲ့အတူ မူးယစ်ဆေးရောင်းဝယ်မှု ကျဆင်းရေး ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ "မူးယစ်ဆေးဝါးပြဿနာဟာ ပြည်တွင်းလက်နက်ကိုင် ပဋ္ဋိပက္ခတွေနဲ့ အတူ မူးယစ်ဆေးဝါး ထုတ်လုပ်မှုတွေ၊ တရားမ၀င်ရောင်းဝယ်ဖောက်ကားမှုတွေကြီးထွားခဲ့တာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာကတော့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုင်မှု ရပ်စဲရေးသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ ၈ နဲ့ ပူးပေါင်းပြီး ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး၊ မူးယစ်ဆေးဝါး တရားမ၀င်ရောင်းဝယ်ဖောက်ကားမှုတွေ ကျဆင်းရေးတွေကို ဆောင်ရွက်ခဲ့တယ်"လို့ ဒုသမ္မတ ဦးမြင့်ဆွေက ပြောဆိုခဲ့တာပါ။ ၁၉၈၇ ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဇွန်လ ၂၆ ရက်နေ့ကို မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ အဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံကတော့ အခုနှစ်နဲ့ဆို ၂၉ ကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့ကြတာပါ။ ကမ္ဘာ့မူးယစ်ဆေးဝါးဈေးကွက်ရဲ့ တရားမ၀င်ရောင်းဝယ်မှု လည်ပတ်ငွေဟာ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုတိုက်ဖျက်ရေးရုံး (ယူအန်အိုဒီစီ) ရဲ့ ၂၀၁၅ ခုနှစ် အစီရင်ခံစာအရ အမေရိကန် ဒေါ်လာ ၃၃၂ ဘီလီယံရှိတယ်လို့ ဖော်ပြထားပါတယ်။ ကမ္ဘာ့မူးယစ်ဆေးဝါးသုံးစွဲမှုကို လေ့လာကြည်မယ်ဆိုရင် အသက်  ၁၅ နှစ်ကနေ ၆၄ နှစ်အကြား မူးယစ်ဆေး သုံးစွဲသူ ဦးရေ ၂၇ သန်းရှိတယ်လို့ ဖော်ပြထားပါတယ်။ ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမ၀င်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့မှာ ရန်ကုန်နဲ့မန္တလေးမြို့တွေက ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးအမြောက်မြားကို မီးရှို့ဖျက်ဆီးပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ သတင်းနှင့်ဓာတ်ပုံ - အောင်ကိုကိုလတ်  
7 years Ago
Up