မူးယစ်ဆေးသုံးပြီး သေနတ်တလက်ဖြင့် ဓားပြတိုက်သည့် ဆယ်ကျော်သက်အား ဖမ်းဆီး

September 12, 2017

မူးယစ်ဆေးသုံးပြီး သေနတ်တလက်ဖြင့် ဓားပြတိုက်သည့် ဆယ်ကျော်သက်အား ဖမ်းဆီး

ထိုင်းနိုင်ငံ၊ ဖူးခက်မြို့မှာ မူးယစ်ဆေးသုံးပြီး သေနတ်တလက်နဲ့ ဓားပြတိုက်နေတဲ့ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တဦးကို ရဲတွေက စက်တင်ဘာ ၁၁ ရက် ညပိုင်းမှာ ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အဲဒီဆယ်ကျော်သက်ဟာ ဆောင်ခလာခရိုင်၊ ဟက်ဒ်ရိုင်ဒေသမှဖြစ်ကာ သတင်းပေးချက်အရ ရဲတွေက လိုက်လံဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့ ဖူးခက်ဂေဇက် သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ဖမ်းမိခဲ့ချိန်က သူ့ဆီမှာ အနက်ရောင် ဘီဘီသေနတ် ၁ လက်၊ နံပါတ်ပြားအနီရောင် တပ်ဆင်ထားတဲ့ အစိမ်းနဲ့ မီးခိုးစပ် ယမဟာအမျိုးအစား ဆိုင်ကယ် ၁ စီး၊ မိုဘိုင်းလ်ဖုန်း ၂ လုံး၊ ဆိုင်ကယ်စီးဦးထုပ် ၁ လုံး၊ ကျောပိုးအိတ် ၁ လုံး၊ ရှပ်အင်္ကျီ ၂ ထည်၊ ဂျင်းဘောင်းဘီ ၁ ထည်နဲ့ ငွေသား ဘတ် ၅၀၀ ကိုပါ ရဲတွေက သိမ်းဆည်းနိုင်ခဲ့တာပါ။ “ကျနော်တို့ အသက် ၁၉ နှစ်အရွယ် မိန်းကလေး ဆီရိပွန် နာဒူအာဆီရဲ့ တိုင်တန်းမှု ရရချင်းပဲ စုံစမ်းရှာဖွေခဲ့တာပါ။ မိန်းကလေးဟာ ဖူးခက်ခရိုင်ရုံး ဖြတ်လမ်းအနီး ဆိုင်ကယ်စီးလာချိန်မှာ ဓားပြတိုက်ခံခဲ့ရတယ်လို့ ပြောပါတယ်။ ဓားပြက အမျိုးသားတဦးဖြစ်ပြီး  ဆိုင်ကယ်နဲ့ဖြစ်ကာ သေနတ်လို့ထင်ရတဲ့ အရာကို ချိန်ရွယ် ခြိမ်းခြောက်ပြီး လက်ကိုင်ဖုန်းကို ယူသွားတယ်။ ပြီးတော့ အေတီအမ်စက်ထဲက ဘတ်ငွေ ၅၀၀ ထုတ်ခိုင်းပြီး ထွက်ပြေးသွားခဲ့တာလို့ တိုင်ကြားခဲ့တာပါ။” အဲဒီနောက်တော့ ရဲတွေဟာ အခင်းဖြစ်တဲ့ နေရာတဝိုက် တပ်ဆင်ထားခဲ့တဲ့ စီစီတီဗွီ ကင်မရာတွေကို စစ်ဆေးမှုတွေပြုလုပ်ပြီး စောင့်ကြည့်ခဲ့ချိန်မှာ အဲဒီနေရာအနီး အိမ်တအိမ်မှာ ငှားရမ်းနေထိုင်တဲ့ သူ့ကို လက်ရဖမ်းဆီးနိုင်ခဲ့တာပါ။ သူဟာ ဓားပြမတိုက်ခင်မှာ မူးယစ်ဆေးသုံးစွဲပြီး ခုလို ဓားပြမှု လေးငါးကြိမ်လောက် ကျုးလွန်ခဲ့ပြီးဖြစ်တယ်လို့ ရဲတွေကို ဝန်ခံပြောလိုက်ပါတယ်။ ရဲတွေဟာ သူ့ဆီမှာ ဆေးခြောက်ထုပ် ၂ ထုပ်၊ အယ်လ်ပရာဇိုလမ်ဆေးပြား ၁၁၀ နဲ့ ကရာသွန်ဆေးရွက်တွေ ရေပူနဲ့စိမ်ထားတဲ့ ဝါးကျည်တောက်တလုံးကိုပါ တွေ့ခဲ့ရပြီး အသက် ၂၀ အရွယ် သူ့ရဲ့ သူငယ်ချင်းဖြစ်သူကိုပါ မူးယစ်ဆေးဝါး လက်ဝယ်ထားရှိမှုနဲ့ ဖမ်းဆီးခဲ့တာပါ။ အရင်ဓားပြတိုက်ခဲ့တဲ့ တန်ဖိုးကြီး ပစ္စည်းတွေကိုတော့ ရောင်းချသုံးစွဲပြီးဖြစ်တယ်လို့ သူက ထွက်ဆိုထားပါတယ်။
4 years Ago
Up