မူးယစ်ဆေးသယ်သူ

February 22, 2019

မူးယစ်ဆေးသယ်သူကို ထိုင်းရဲ အသေပစ်ခတ်ဖမ်းဆီး၊ စိတ်ကြွဆေး ၅ သန်း ဖမ်းမိ

ထိုင်းမြောက်ပိုင်း ချင်းရိုင်းခရိုင် မယ့်ကျန်းမြို့နယ်ထဲမှာ မူးယစ်ဆေးသယ်ဆောင်သူကို ထိုင်းဘက်က အသေပစ်ခတ်ဖမ်းဆီးပြီး စိတ်ကြွဆေးပြားပေါင်း ၅ သန်းကို သိမ်းဆည်းလိုက်တယ်လို့  77kaoded ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ နယ်မြေထဲမှာ မူးယစ်ဆေးဝါးသယ်ဆောင်မှု ရှိမယ့်အကြောင်း ကြိုတင်သတင်းရထားချက်အရ ထိုင်းမူးယစ်ရဲတပ်ဖွဲ့ဝင် နဲ့ အမှတ် ၃ တိုင်းဒေသ စစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဖေဖော်ဝါရီ ၂၁ ရက် မနက်စောစောက မူးယစ်ကုန်သည်တွေ ၀င်ရောက်လာနိုင်မယ့် လမ်းကြောင်းတလျှောက် ကိုယ်ရောင်ဖျောက်စောင့်ဆိုင်းနေခဲ့ကြောင်း၊ မနက် ၁ နာရီခွဲလောက်မှာတော့ မြန်မာနယ်စပ် မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းကျေးရွာဘက်ကနေ မယ့်ကျန်းမြို့နယ်ထဲကို မောင်းဝင်လာတဲ့ အနက်ရောင် တိုယိုတာကား ၂ စီးကို တွေ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါ ကား ၂ စီးကို စစ်ဆေးဖို့အတွက် တာဝန်ရှိသူတွေက လူယောင်ထွက်ပြပြီး တားဆီးရာမှ ပထမကားတစီးက လမ်းရှင်းဖို့အတွက် သေနတ်နဲ့ စတင်ပစ်ခတ်ခဲ့လို့ တာဝန်ရှိသူတွေက ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ သေနတ်သံတွေ ငြိမ်သွားတော့ ကား ၂ စီးရှိရာကို သွားရောက်စစ်ဆေးကြည့်ရှုရာမှာ ပထမကားတစီးပေါ်မှာ သေနတ်ဒဏ်ရာနဲ့ သေဆုံးနေသူ ၁ ဦးကို တွေ့ရပြီး အထောက်အထားတွေအရ အသက် ၂၉ နှစ်ရွယ်ရှိ နိုင်းရှဲ့မီဆိုသူ မယ်ဖာ့လုန်မြို့နယ် ထိုတ်ထိုင်းရွာက ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့ရဲ့ ကားနောက်ခန်းမှာ အိတ်ပေါင်း ၂၅ လုံးတွေ့ရှိရပြီး အထဲမှာ စိတ်ကြွဆေးပြား စုစုပေါင်း ၅ သန်းကို သိမ်းဆည်းရမိကြောင်း၊ နောက်ကားတစီးပေါ်မှာတော့ ယာဉ်မောင်းသူကို မတွေ့ရတော့ဘဲ အမှောင်ရိပ်ခိုပြီး တောထဲ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တာဝန်ရှိရဲတပ်ဖွဲ့ဝင်က ပြောပါတယ်။ အဲဒီနေ့မှာပဲ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ ဒုရဲချုပ်ကြီး ချလိုမ်ကစ်ဆီဝရခန်ကိုယ်တိုင် မယ်ဆိုင်ကို  ရောက်ရှိလာကာ အဆိုပါအမှုနဲ့တကွ အခြား ထိုင်း-မြန်မာနယ်စပ် မူးယစ်မှုနဲ့ သိမ်းဆည်းရမိတဲ့ သက်သေခံပစ္စည်းတွေကို လာရောက်စစ်ဆေးသွားတယ်လို့ သတင်းမှာ ဖော်ပြသွားပါတယ်။
2 years Ago
Up