မူးယစ်ဆေးဝါးစစ်ဆင်ရေး ယာယီရပ်ဆိုင်းထားမည်ဟု ဖိလစ်ပိုင်ရဲချုပ် ပြော

January 31, 2017

မူးယစ်ဆေးဝါးစစ်ဆင်ရေး ယာယီရပ်ဆိုင်းထားမည်ဟု ဖိလစ်ပိုင်ရဲချုပ် ပြော

ဖိလစ်ပိုင်ရဲတပ်ဖွဲ့အတွင်း အဂတိလိုက်စားမှုတွေ ရှင်းလင်းဖို့ သမ္မတက ညွှန်ကြားထားပြီး မူးယစ်ဆေးဝါး စစ်ဆင်ရေးကို ယာယီရပ်ဆိုင်းထားမယ်လို့ ဖိလစ်ပိုင်ရဲချုပ်က ဇန်နဝါရီ ၃၀ ရက်နေ့မှာ ပြောဆိုပါတယ်။ ဖိလစ်ပိုင်မူးယစ်ရဲတပ်ဖွဲ့လက်ထဲ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်တဦး သေဆုံးခဲ့အပြီးမှာ အခုလို မူးယစ်ရဲတပ်ဖွဲ့ကို ဖျက်သိမ်းမယ်လို့ ဖိလစ်ပိုင်ရဲချုပ်က ပြောဆိုခဲ့တာပါ။ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်ဟာ ဖိလစ်ပိုင်မူးယစ်ရဲတပ်ဖွဲ့ရဲ့ ပြန်ပေးဆွဲခံရပြီး သတ်ဖြတ်ခံခဲ့ရတာပါ။ ဖိလစ်ပိုင်သမ္မတ ဒူတာတေး တက်လာပြီး စတင်ခဲ့တဲ့ မူးယစ်ဆေးဝါး စစ်ဆင်ရေးအတွင်း လူ ၇၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုဟာ မူးယစ်ရဲတပ်ဖွဲ့ရဲ့ ဥပဒေပြင်ပ သတ်ဖြတ်မှုတွေကြောင့် သေဆုံးခဲ့ကြရတာပါ။ ဒါကြောင့်လည်း ကမ္ဘာတ၀န်း လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ အနောက်နိုင်ငံတွေက သမ္မတ ဒူတာတေးရဲ့ မူးယစ်ဆေးဝါးစစ်ဆင်ရေးကို အပြင်းအထန် ပြစ်တင်ရှုတ်ချကြတာပါ။ မူးယစ်ရဲတပ်ဖွဲ့အတွင်း ခြစားမှုကို အရင်ဆုံးရှင်းလင်းဖို့ သမ္မတ ဒူတာတေးက ညွှန်ကြားခဲ့ပြီး အဲဒီကိစ္စကို အရင် ပြီးပြတ်အောင် ကိုင်တွယ်တယ်၊ အဲ့ဒါပြီးမှ မူးယစ်ဆေးဝါးစစ်ဆင်ရေးကို ဆက်လုပ်မယ်လို့ ဖိလစ်ပိုင်ရဲချုပ်က ပြောဆိုပါတယ်။
5 years Ago
Up