မူးယစ်ဆေးဝါးကို ကျောင်းသားလူငယ်တွေတင်မကဘဲ ဌာနဆိုင်ရာတွေအထိ ပျံ့နှံ့ ရောက်ရှိနေပြီဆိုတာ တွေ့ရှိနေရတယ်လို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က ပြောပါတယ်။
ဇွန် ၂၆ ရက် မနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမမှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ကရင်ပြည်နယ်ဝန်ကြီးချုပ်က ပြောဆိုလိုက်တာပါ။
ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က “မူးယစ်ဆေးဝါးက ကျမတို့ လူတန်းစားအလွှာ အသီးသီးမှာ ဝင်ရောက်နေပါပြီ။ အကြောက်ရဆုံးက လူငယ်တွေကြားမှာ စွဲနေပါပြီ။ စိုက်ပျိုးတာ မဟုတ်ပေမယ့် သုံးစွဲတဲ့အဆင့် သုံးစွဲတဲ့အဆင့်တောင် မူလတန်းတခုပဲ လွတ်မယ်လို့ ထင်တယ်။ အလယ်တန်းအဆင့်လောက်ကတည်းက ရှိပြီးတော့ အထက်တန်း၊ တက္ကသိုလ်၊ ဌာနဆိုင်ရာ ဝန်ထမ်းတွေအထိတောင် ပျံ့နှံ့နေပြီ။ ဌာနဆိုင်ရာ တခုတည်းမဟုတ်ဘူး။ ပညာရေး၊ ကျန်းမာရေးဌာန အကုန်လုံးမှာ ဒီဟာတွေစွဲပြီးတော့ ဝင်ရောက်နေပြီဆိုတာ တွေ့ရှိရပါတယ်။ အင်မတန်မှ ရင်လေးစရာဖြစ်တယ်”လို့ ပြောပါတယ်။
ကရင်ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ ၂၀၁၇ ဇွန်၂၀ ရက်နေ့အထိ ဘိန်းမဲ ၁၆၃.၃ ဂရမ်၊ ICE ၁၉၀၅ ဒသမ ၆ ဂရမ်၊ စိတ်ကြွဆေးပြား ၁၆၀၄၀၁၁ ပြား၊ ဆေးခြောက် ၆၆၃၉၀ ဂရမ်၊ ဘိန်းစာရွက် ၁၁၃၀ ဂရမ်၊ လက်နက် ၄၄ လက်၊ ခဲယမ်း/ဗုံး ၅၂၀ တောင့်၊ မြန်မာငွေကျပ် ၁၁၇၁၉၂၀၀ ကျပ်၊ ထိုင်းဘတ်ငွေ ၈၄၉၀ ဘတ်၊ ကား ၃၇ စီး၊ ဆိုင်ကယ် ၈၀ စီး၊ အမှုပေါင်း ၃၀၇ မှု၊ တရားခံပေါင်း ၄၃၉ ဦး ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ်အတွင်း ယခင် ၉ နှစ်တာကာလထက် စိတ်ကြွရူးသွပ်ဆေး ပိုမိုဖမ်းဆီးနိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ် တစ်နှစ်လုံးထက် စိတ်ကြွရူးသွပ်ဆေးပြား ၁၀ သိန်းကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ ရဲတပ်ဖွဲ့သတင်းထုတ်ပြန်ချက် စာရင်းများအရ သိရပါတယ်။
သတင်း - ရဲမင်းခေါင်
6 years Ago