မူးယစ်ဆေးများ ထပ်မံတွေ့ရှိ

A d v e r t i s e m e n t With Us

October 29, 2016

၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွားသည့်နေအိမ်တွင် မူးယစ်ဆေးများ ထပ်မံတွေ့ရှိ

၂ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တဲ့ မုံရွာမြို့ ကံသာဦးရပ်ကွက်က နေအိမ်မှာ ရဲတပ်ဖွဲ့က ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြားတွေ ထပ်မံ တွေ့ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၉ ရက်နေ့က အခင်းဖြစ်ပွားရာနေအိမ်အတွင်း အသေးစိတ်ရှာဖွေစစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၄ ပြား၊ ဘိန်းဖြူလို့ ယူဆရတဲ့ Flower စာတန်းပါ ဆပ်ပြာခွက်တစ်ခွက်၊ ငွေကျပ် ၁ သိန်းတို့ကို မုံရွာမြို့ နယ်မြေရဲစခန်းက သက်သေတွေနဲ့အတူ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့က မုံရွာမြို့ ကံသာဦးရပ်ကွက်အတွင်း အိမ်ငှားနေထိုင်တဲ့ ကိုမောင်ချိုနဲ့ မထားထားနွယ်တို့ လင်မယား ၂ ဦးဟာ နေအိမ်မှာ ဓားခုတ်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာ ဖြစ်ပြီး အဲဒီနေ့ကလည်း မူးယစ်ဆေးဝါးအချို့ကို တွေ့ရှိခဲ့ပါတယ်။ အဲဒီနေ့က အခင်းဖြစ်နေအိမ်ကနေ ဆိုင်ကယ်စီးပြီး ထွက်သွားသူက ဆိုင်ကယ်ကို အောင်ချမ်းသာရပ်ကွက်မှာထားပြီး ထွက်ပြေးသွားခဲ့ပါတယ်။ အဲဒီလူကို ရဲတပ်ဖွဲ့က ဖမ်းဆီးမိဖို့ စုံစမ်းနေဆဲဖြစ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သတင်းဓာတ်ပုံ - အောင်ကိုလတ်
4 years Ago
Up