မူးယစ်ရာဇာ အယ်လ်ချာပို

February 13, 2019

မူးယစ်ရာဇာ အယ်လ်ချာပိုကို မူးယစ်ကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း အမေရိကန်တရားရုံး ဆုံးဖြတ်

ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်ရာဇာ ယွာချင် အယ်လ်ချာပို ဂဲ့ဇ်မဲန်းကို မူးယစ်ကုန်ကူးမှုနဲ့ အပြစ်ရှိကြောင်း အမေရိကန်တရားရုံးက ဖေဖော်ဝါရီ ၁၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဘရွတ်ကလင် ပြည်ထောင်စုတရားရုံးက တရားသူကြီးတွေက ဂဲ့ဇ်မဲန်းမှာ စွဲချက်တင်ထားတဲ့ အမှု ၁၀ မှုစလုံးအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ကြပါတယ်။ ခုတော့ အယ်လ်ချာပိုဟာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။ ဂဲ့ဇ်မဲန်းဟာ မက်ဆီကို မူးယစ်စစ်ပွဲအတွင်း အကြီးစား အထင်ကရ ပုဂ္ဂိုလ်တွေထဲက တယောက်ပါ။ မက်ဆီကို နိုင်ငံထဲမှာ ၂၀၁၆ ခုနှစ်က အဖမ်းခံရပြီး ၂၀၁၇ မှာ တရားစီရင်ခံဖို့ အမေရိကန် နိုင်ငံဆီ လွှဲပေးခံရပါတယ်။ “သူဟာ တန်နဲ့ချီတဲ့ ကိုကင်း၊ ဘိန်းဖြူ၊ ဆေးခြောက်နဲ့ မက်သာအဖက်တာမင်း စိတ်ကြွဆေး တွေကို အမေရိကန်နိုင်ငံအတွင်း နှစ် ၂၀ ကျော် တင်သွင်းခဲ့တယ်၊ ပြိုင်ဘက်ဂိုဏ်းတွေအပေါ် စစ်ပွဲ တွေ၊ လူသတ်သမားတွေကို သုံးပြီး မက်ဆီကို နိုင်ငံအတွင်း သူ့သြဇာကို ကျစ်လျစ်အောင် တည်ဆောက်ခဲ့တယ်” လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။ တရားသူကြီးတွေက ဆုံးဖြတ်ချက် ချပြီးချိန်မှာ ဂဲ့ဇ်မဲန်းက သူ့ဇနီး အမ်မာ ကိုရိုနယ်လ်ကို လက်မထောင်ပြခဲ့ပါတယ်။
2 years Ago
Up