မူးယစ်ရာဇာ ဂတ်ဇ်မန်ကို အမေရိကန်နယ်စပ်အနီးရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့

A d v e r t i s e m e n t With Us

May 9, 2016

မူးယစ်ရာဇာ ဂတ်ဇ်မန်ကို အမေရိကန်နယ်စပ်အနီးရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့

ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းက မက္ကဆီကိုနိုင်ငံမှာ ပြန်လည်ဖမ်းဆီးရမိတဲ့ မူးယစ်ရာဇာ ဂတ်ဇ်မန် (Guzman) ကို အမေရိကန်နယ်စပ်အနီးက မက္ကဆီကို အကျဉ်းထောင်တခုကို မေလ ၇ ရက်နေ့က ပြောင်းရွှေ့လိုက်ပါတယ်။ တက္ကဆက်ပြည်နယ်၊ အယ် ပဆို (El Paso) မြို့ တဘက်က မက္ကဆီကိုနယ်စပ်မြို့ တမြို့ဖြစ်တဲ့ စီယူဒက် ဂွာရက်စ် (Ciudad Juarez) မြို့ အကျဉ်းထောင်ကို ပြောင်းရွှေ့လိုက်တာဖြစ်ပြီး လုံခြုံရေး အကြောင်းပြချက်နဲ့ ပုံမှန်ထောင်ပြောင်းထောင်လဲ အစီအစဉ်တခုနဲ့ ပြောင်းရွှေ့တာလို့ မက္ကဆီကို လုံခြုံရေးအာဏာပိုင်တွေက ပြောဆိုပါတယ်။ ဂတ်ဇ်မန်ဟာ နာမည်ကျော် မက္ကဆီကို မူးယစ်ဂိုဏ်းတဂိုဏ်းဖြစ်တဲ့ စီနာလိုအာ (Sinaloa) မူးယစ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး ထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားပြီး ၆ လအကြာ အခုနှစ် ဇန်န၀ါရီလမှာ ပြန်လည်ဖမ်းဆီးရမိခဲ့တာပါ။ အမေရိကန်နိုင်ငံထဲ မူးယစ်ဆေးဝါး အမြောက်အမြား ခိုးသွင်းမှုနဲ့ အမေရိကန်ပြည်ထောင်စုက အလိုရှိနေသူလည်း ဖြစ်ပါတယ်။ နိုင်ငံတ၀န်း အကျဉ်းသား ၇၄၀၀ ကျော်ကိုလည်း တချိန်တည်းမှာ လုံခြုံရေးအတွက် ထောင်ပြောင်းရွှေ့ခဲ့ပြီး ဂတ်ဇ်မန်ကို အမေရိကန်ပြည်ထောင်စုကို လွှဲပြောင်းပေးဖို့ အစီအစဉ်နဲ့ ကြိုပြောင်းရွှေ့ထားတာ မဟုတ်ဘူးလို့လည်း မက္ကဆီကို အမျိုးသားလုံခြုံရေးကော်မရှင်က ဆိုပါတယ်။ လုံခြုံရေးအကဲခတ်တွေကတော့ ဂတ်ဇ်မန်ရဲ့ထောင်ဟောင်းမှာ လုံခြုံရေး အဆင့်မြှင့်တင်နေပြီး အဲ့ဒီကာလအတွင်း သူထွက်ပြေးသွားမှာ စိုးရိမ်တဲ့အတွက် ထောင်ပြောင်းရွှေ့တာ ဖြစ်နိုင်တယ်လို့ ပြောဆိုကြပါတယ်။
5 years Ago
Up