မူးယစ်ရာဇာ

February 13, 2019

မူးယစ်ရာဇာ အယ်လ်ချာပိုကို မူးယစ်ကုန်ကူးမှုဖြင့် အပြစ်ရှိကြောင်း အမေရိကန်တရားရုံး ဆုံးဖြတ်

ကမ္ဘာပေါ်မှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မူးယစ်ရာဇာ ယွာချင် အယ်လ်ချာပို ဂဲ့ဇ်မဲန်းကို မူးယစ်ကုန်ကူးမှုနဲ့ အပြစ်ရှိကြောင်း အမေရိကန်တရားရုံးက ဖေဖော်ဝါရီ ၁၂ ရက်မှာ ဆုံးဖြတ်လိုက်ပါတယ်။ ဘရွတ်ကလင် ပြည်ထောင်စုတရားရုံးက တရားသူကြီးတွေက ဂဲ့ဇ်မဲန်းမှာ စွဲချက်တင်ထားတဲ့ အမှု ၁၀ မှုစလုံးအတွက် အပြစ်ရှိကြောင်း တွေ့ခဲ့ကြပါတယ်။ ခုတော့ အယ်လ်ချာပိုဟာ ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်ပါတယ်။ ဂဲ့ဇ်မဲန်းဟာ မက်ဆီကို မူးယစ်စစ်ပွဲအတွင်း အကြီးစား အထင်ကရ ပုဂ္ဂိုလ်တွေထဲက တယောက်ပါ။ မက်ဆီကို နိုင်ငံထဲမှာ ၂၀၁၆ ခုနှစ်က အဖမ်းခံရပြီး ၂၀၁၇ မှာ တရားစီရင်ခံဖို့ အမေရိကန် နိုင်ငံဆီ လွှဲပေးခံရပါတယ်။ “သူဟာ တန်နဲ့ချီတဲ့ ကိုကင်း၊ ဘိန်းဖြူ၊ ဆေးခြောက်နဲ့ မက်သာအဖက်တာမင်း စိတ်ကြွဆေး တွေကို အမေရိကန်နိုင်ငံအတွင်း နှစ် ၂၀ ကျော် တင်သွင်းခဲ့တယ်၊ ပြိုင်ဘက်ဂိုဏ်းတွေအပေါ် စစ်ပွဲ တွေ၊ လူသတ်သမားတွေကို သုံးပြီး မက်ဆီကို နိုင်ငံအတွင်း သူ့သြဇာကို ကျစ်လျစ်အောင် တည်ဆောက်ခဲ့တယ်” လို့ အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။ တရားသူကြီးတွေက ဆုံးဖြတ်ချက် ချပြီးချိန်မှာ ဂဲ့ဇ်မဲန်းက သူ့ဇနီး အမ်မာ ကိုရိုနယ်လ်ကို လက်မထောင်ပြခဲ့ပါတယ်။
3 years Ago

March 20, 2018

ရွှေတြိဂံဒေသ မူးယစ်ရာဇာကို တသက်တကျွန်း ပြစ်ဒဏ်ချမှတ်

ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့လပိုင်းက ဖမ်းမိထားတဲ့ ရွှေတြိဂံဒေသရဲ့ လာအို မူးယစ်ရာဇာကို ရာဇဝတ်ပြစ်မှုဆိုင်ရာ တရားရုံးက တသက်တကျွန်းပြစ်ဒဏ် ချမှတ်လိုက်တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။ နာမည်ကြီးမူးယစ်ရာဇာ စိုင်ဆနကယောက်ပင်မ်ဖာ (Xaysana Keopimpha) ကို ဇန်နဝါရီ ၁၉ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၄၂ နှစ်အရွယ် မူးယစ်ရာဇာဟာ အဲဒီနေ့ ညနေပိုင်းက ဖူးခက်ကနေ ပြန်အလာမှာ ထိုင်းမူးယစ်နှိမ်နင်းရေးတပ်ဖွဲ့ဝင် ၁၀၀ လောက်က လေဆိပ်ဆိုက်ရောက်နေရာမှာ ဝိုင်းဝန်းဖမ်းဆီးခဲ့တာလို့ လာအိုတိုင်းမ်သတင်းမှာ ဖော်ပြပါတယ်။ သူနဲ့အတူ အမျိုးသားတဦးနဲ့ အမျိုးသမီးနှစ်ဦးကိုလည်း ဖမ်းဆီးထားတယ်လို့ ဆိုပါတယ်။ အခုပြစ်ဒဏ်ချမှတ်မှုဟာ မူလက ချမှတ်ထားတဲ့ သေဒဏ်ပြစ်ဒဏ်အမိန့်ကို လျှော့ပေါ့စဉ်းစားပေးပြီး ပြင်ဆင်ချမှတ်လိုက်တာပါ။ သူ့ကို ဖမ်းဆီးရမိနိုင်ဖို့အတွက် ထိုင်းနဲ့ လာအို ၂ နိုင်ငံအစိုးရတို့ ပူးပေါင်းပြီး ၅ နှစ်လောက်ကြာအောင် တယ်လီဖုန်းနဲ့ ခရီးသွားလာမှုတွေကို နောက်ယောင်ခံ လိုက်လံစုံစမ်းနေခဲ့ရတာ ဖြစ်ပါတယ်။ မူးယစ်ဆေးဝါးနှိမ်နင်းရေး ဗျူရိုက ရဲအရာရှိ ဆွမ်မိုင် ကွန်းဝိဆိုင်စွတ်ကတော့ လွန်ခဲ့တဲ့ ၅ နှစ်အတွင်း စိုင်ဆနရဲ့ မူးယစ်ဆေးဝါးကွန်ရက်အောက်မှာ အလုပ်လုပ်နေသူဦးရေ ၅၀ လောက်ကို ဖမ်းဆီးထားပြီးဖြစ်ကြောင်းနဲ့ ဒီလူတွေဟာ ယာဘ စိတ်ကြွမူးယစ်ဆေးဝါးတွေကို လာအိုကနေ ထိုင်းကို မှောင်ခိုသွင်းခဲ့သူတွေဖြစ်တယ်လို့ ပြောပါတယ်။ အခုပြစ်ဒဏ်ချမှတ်မှုမှာတော့ မူးယစ်ဘုရင် စိုင်ဆနဟာ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးပြား ၁ ဒသမ ၂ သန်းကျော်ကို ထိုင်းနိုင်ငံထဲ မှောင်ခိုသွင်းယူခဲ့ပြီး လက်ဝယ်ထားရှိ ပိုင်ဆိုင်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်ခဲ့တာလို့ သတင်းမှာ ဖော်ပြပါတယ်။
4 years Ago
More News
Up